ထေရ၀ါဒဗုဒ္ဓဘာသာ ဘုရားရှင်အကြောင်း

ဖွားမြင်ခြင်းနှင့်တောထွက်ခြင်း
ယနေ့ ဗုဒ္ဓဘာသာဝင်တို့အား တရား စတင်ညွှန်ပြသူသည် သမ္မာသမ္ဗုဒ္ဓဘုရားဖြစ် သည်။ ဘုရားရှင်၏ မျိုးနွယ်မှာ ဂေါတမဖြစ်၍ ဂေါတမဗုဒ္ဓ -ဟု အမည်တွင်သည်။ ဘုရားကို ရှေးမြန်မာတို့က (ပုသျှ) ဟု ခေါ်ခဲ့ကြသည်။ ကာလအလျောက် ပုသျှ-ပုရား-ဖုရား-ဘုရား စသည်ဖြင့် ပြောင်းလဲခေါ်ဝေါ်ခဲ့ခြင်းဖြစ်သည်။ ဟိန္ဒူဗြဟ္မဏတို့ က လူအများအား လမ်းညွှန်ပြသော ခေါင်းဆောင်ကို (ပုရုသျှ)ဟု ခေါ်သည်။ ပုရုသျှ သည် ပါဠိလို (ပုရိသ)ဖြစ်သည်။ မြန်မာလို ယောက်ျား ဟုအဓိပ္ပါယ်ရသည်။ ပုရိသမှ ပုဂံခေတ်တွင် ပုရဟာ၊ ပုရဟာမှ ပုရှာ၊ ပုရှာမှ ဘုရားဟု ပြောင်းလဲလာသည်။ တရား ညွှန်ပြသူ ဘုရားသည် လွန်ခဲ့သောနှစ်ပေါင်း ၂၅၅၀ကျော်က ပေါ်ပေါက်ခဲ့သူဖြစ် သည်။ ယခု အိန္ဒိယပြည်မြောက်ပိုင်း၊ နီပေါနယ်စပ်၌ကပိလ၀တ်ပြည် ရှိခဲ့သည်။ ယင်းပြည်သည် အများဆန္ဒဖြင့် အုပ်ချုပ်ကြသည့် “ဂဏ”တိုင်းပြည်ငယ် ဖြစ်သည်။ ကပိလ၀တ်ပြည့်ရှင် ဘုရင်သုဒ္ဓေါဒနနှင့် မယ်တော် မဟာမာယာဂေါတမီဒေ၀ီတို့မှ ဘုရားအလောင်းလျာကို မွေးဖွားခဲ့သည်။ ငယ်မည် သိဒ္ဓတ္ထကုမာရ ဖြစ်သည်။ အမျိုး နွယ်ဟူသည်မှာ အမိဘက် အမျိုးအအမည်ဖြစ်၍ ဂေါတမအနွယ် ဖြစ်သည်။ အမျိုး မှာ အဖဘက်အမျိုးအမည် သကျဟုခေါ်သော သာကိယမျိုးဖြစ်သည်။ သိဒ္ဓတ္ထကု မာရ ၁၆နှစ်သားအရွယ်တွင် ဘဒ္ဒကဉ္စနာ ငယ်မည်ရှိသော ယသောဓရာ အမည်ရှိ မင်းသမီးနှင့် ထိမ်းမြား၍ ကပိလ၀တ်ထီးနန်းကိုဆက်ခံကာ ဘုရင်ပြုအုပ်ချုပ်ခဲ့သည်။ ဘုရင်အဖြစ် ကာမဂုဏ်စည်းစိမ်ချမ်းသာကို အသက်၂၉နှစ်အထိခံစားခဲ့သည်။ အသက်၂၉နှစ်တွင် တိုင်းခန်းလှည့်လည်ရင်းလောကကြီး၏ နိမိတ်လေးပါး ကိုမြင်ခဲ့သည်။
ယင်းနိမိတ်လေးပါးမှာ-
(၁) လောကကြီး၏ မရှင်မသန်တော့ဘဲ အိုမင်းရင့်ရော်နေခြင်းနိမိတ်၊(သူအို)
(၂) လောကကြီး၏ ပျက်စီးယိုယွင်းနေသည့် နိမိတ်၊(သူနာ)
(၃) လောကကြီး၏ ရှင်သန်မှုကင်း၊ သေဆုံးနေခြင်း နိမိတ်၊(သူသေ)
(၄) လောကကြီးအတွက် အပြစ်အနာအဆာ ကင်းမဲ့ရာကို ရှာဖွေခြင်းနိမိတ်၊(ရဟန်း)
ဟူ သောနိမိတ်ကြီးလေးပါး ဖြစ်သည်။
ယင်းနိမိတ်ကို နှောင်းလူများက သူအို၊ သူနာ၊ သူသေ၊ ရဟန်း ဟု တင်စားပြောဆို သိနားလည်ခဲ့ကြ၏။ ယင်းနိမိတ်များကို ဆင်ခြင်သံဝေဂယူခါ သိဒ္ဓတ္ထကုမာရ သည် အမိ၊ အဖတို့ မျက်ရည်အသွယ်သွယ် စီးကျစဉ်၊ အမိအဖတို့မျက်မှောက်မှ ထီးနန်း ကိုစွန့်ခါ ဖန်ရည်စွန်းအ၀တ်ကိုဝတ်၍ အိုမင်းရင့်ရော်ခြင်း၊ ပျက်စီးယိုယွင်းခြင်း၊ ရှင်သန်မှုကင်း သေဆုံးခြင်းတို့မှ လောကကြီးလွတ်မြောက်ရေး ရနိုင်မည့် တရား (ဥတ္တရိမနုဿဓမ္မ)ကို ရှာဖွေခဲ့သည်။
တရားရှာခြင်း
သိဒ္ဓတ္ထကုမာရသည် တရားရှာဖွေရန်ထွက်ခွါရာ၌-
(၁) ငါ -တရားသိသလို လူတွေအားလုံး တရားသိစေရမည်၊ (ဗုဒ္ဓေါဗောဓေယျံ)။
(၂) ငါ -တရားကျင့်သလို လူတွေအားလုံး တရားကျင့်စေရမည်၊(တိဏ္ဏော တာရေ ယျံ)။
(၃) ငါတရားရ၍ လွတ်မြောက်ပြီး ငြိမ်းချမ်းသလို၊လူတွေအားလုံးတရားရ၍ လွတ် မြောက်ပြီး ငြိမ်းချမ်းစေရမည်၊ (မုတ္တော မောစေယျံ)-ဟ
ု ရည်ရွယ်ချက်ထားရှိခဲ့ သည်။ သိဒ္ဓတ္ထမင်းသားသည် တရားရှာဖွေသည့်အခါ ကာမအာရုံများကိုအပြစ်မြင် စွန့်ခွါခဲ့ပြီးနောက်၊
(၁) အာရုံအများကို ၀င်စားခြင်း အတွေးစိတ်များကို ပယ်ဖျက်၍(သညာဝိရာဂ)၊ တစ်နေရာတည်းတွင် တစ်ကိုယ်တည်း၊ တစ်အာရုံတည်းမှာ တစ်စိတ်တည်းဖြင့် (ရုပ်)အာရုံတစ်ခုတည်းမှာစွဲမြဲစေသော ရူပဈာန်အကျင့်ကိုလည်းကျင့်ခဲ့သည်။ ထိုအ ခါအသိမဲ့ချမ်းသာကို ခံစားရသည်။ ထိုအသိမဲ့ချမ်းသာသည် ကာမချမ်းသာ ထက် ပို၍ပို၍ အလှိုင်းကြီးချမ်းသာသော်လည်းလောကကြီးလွတ်မြောက်ရေး ရနိုင်မည့်တရား(ဥတ္တရိမနုဿဓမ္မ)ကို မရခဲ့ပေ။
(၂) ထိုနောက် အာဠာရ၊ ဥဒက ဟုအမည်ရှိသော ရသေ့များထံ နည်းခံ၍ ရုပ်အာရုံ များကိုပယ်ဖျက်ခြင်း(ရူပ၀ိရာဂ)၊ ထိုမရှိအာရုံ၌စွဲမြဲစေသောအရူပဈာန်အကျင့်ကို လည်းကျင့်ခဲ့သည်။ ထိုအခါ အရှိမဲ့ချမ်းသာကို ခံစားရသည်။ ထိုအရှိမဲ့ချမ်းသာသည် ကာမချမ်းသာထက် ပို၍ချမ်းသာသော၊ ရူပဈာန်(အသိမဲ့ချမ်းသာ)ထက် ပို၍ပို၍ အလှိုင်းကြီး ချမ်းသာသော်လည်း လောကကြီးလွတ်မြောက်ရေးရနိုင်မည့်တရား (ဥတ္တရိမနုဿဓမ္မ)ကို မရခဲ့ပေ။ သိဒ္ဓတ္ထကုမာရသည် ဤရူပဈာန်၊ အရူပဈာန်များကို ပြင်းပြင်းထန်ထန် အဆင်းရဲအပင်ပန်းခံ၍ သေလုနီးပါး ၆နှစ်မျှကျင့်သော်လည်း လောကကြီးလွတ် မြောက်ရေး ရနိုင်မည့်တရား (ဥတ္တရိမနုဿဓမ္မ)ကို ရှာမတွေ့ခဲ့ ပေ။ အရူပဈာန်ကျင့်ရင်း သေလုနီးပါး ဖြစ်သောအခါမှ သတိပြန်လည်ကာ ယင်းအကျင့်များသည် ကိုယ့်ကိုယ်စိတ်ညှဉ်းပမ်းရေးလမ်း တစ်နည်းအားဖြင့် ဘ၀ ညှိုးနွမ်းခြောက်ခန်းစေသောအကျင့်(အတ္တကိလမထာနုယောဂ)အဖြစ်ဖြင့်တရားမရစေသောလမ်း ဟု သိမြင်၍၊ ယင်းအကျင့်များ စွန့်ပယ်လိုက်သည်။
သမ္မာသမ္ဗုဒ္ဓဘုရားဖြစ်ခြင်း
ထို့နောက် ငယ်စဉ်ပက်လက်မျှနေစဉ် လူမမည်ဘ၀က၊ ဖခင်သုဒ္ဓေါဒနဘုရင်ကြီး လယ်ထွန်မင်္ဂလာဆင်းစဉ် အထိန်းတော်များသည် မိမိကိုသပြေပင်ရိပ်၌သိပ်ခါ နို့ချို မတိုက်၊ ရေမတိုက်ဘဲနံနက်မှသည်ညနေစောင်းသည်ထိအထီးတည်းထားခဲ့သော် လည်း၊ မိမိ၌စိတ်ဆိုး၊ စိတ်ဆာမှုမရှိဘဲ ငြိမ်းချမ်းစွာကြည်ကြည်လင်လင် နေထိုင် သောကြောင့် ဖခင်ဘုရင်ကြီး၏ ဂရုဂါရ၀ပြုခံရမှု၏ အကြောင်းရင်းများကို ပြန်လည်ဆင်ခြင်ကာ၊ ယင်းနေထိုင်မှုကို ပြန်လည်ကျင့်သုံးရင်း အမြင့်မြတ်ဆုံးသော လူသား၏ ဂုဏ်ရည်သိက္ခာတရား (ဥတ္တရိမနုဿဓမ္မ)ကို ထိုးထွင်းသိမြင်ခဲ့သည်။ တရားကိုသိမြင်၍ အရိယသစ္စာစက်လည်ကာ သမ္မာသမ္ဗုဒ္ဓဘုရား ဖြစ်သည်။ ထိုနေ့ သည် မဟာသက္ကရာဇ် ၁၀၃ခုနှစ်၊ ကဆုန်လပြည့်နေ့၏ နေအရုဏ်တက်ချိန်ဖြစ် သည်။ ထို့ကြောင့် ဘုရားဘ၀တွင် အကျင့် သုံးပိုင်းရှိခဲ့သည်-
(၁) ကပိလ၀တ် ထီးနန်းစည်းစိမ်၌ အသက်၂၉နှစ်ထိနေထိုင်သောကာလ တစ်ပိုင်း၊ (ယင်းကို ကာမသုခလိကာနုယောဂ ဟုဆိုရသည်)။
(၂) ရူပဈာန်၊ အရူပဈာန် ၆နှစ်ကြာ ကျင့်ကြံသောကာလ တစ်ပိုင်း၊(ယင်းကို အတ္တ ကိလမထာနုယောဂဟု ဆိုရသည်)။
(၃) ဘုရားဖြစ်၍ တရားဖြင့် ၄၅နှစ်ကြာ နေသောကာလတစ်ပိုင်း ဖြစ်သည်။

ဗုဒ္ဓဘုရားသည် ဘုရားမဖြစ်မီ ထီးနန်း၌နေရာတွင် သမုတိသစ္စာတရား၌ မိမိကိုယ် မိမိမပိုင်မှု၊ လွတ်မြောက်ခြင်းမရှိမှုတို့ကို ငြီးငွေ့ရာမှ ပရမတ္ထသစ္စာကို ပြောင်းလဲ ကျင့်သုံးခဲ့သည်။ တဖန် ပရမတ္ထသစ္စာ၌လည်း မိမိကိုယ်မိမိ မပိုင်မှုကို ထပ်မံသိပြန် ၍၊ စွန့်ရပြန်သည်။ ထို့နောက် စိတ်ဆိုးစိတ်ဆာမရှိအောင် သတိဖြင့် ကျင့်သုံးနေထိုင် ရာမှ အရိယသစ္စာကိုတွေ့မြင်ပြီး၊ မိမိကိုယ်မိမိ ပိုင်စိုးသည့် သမ္မာသမ္ဗုဒ္ဓဘုရား အဖြစ် ရလေသည်။ ထို့ကြောင့် ဗုဒ္ဓဘုရားသည် လောကမှလွတ်မြောက်ရေး တရား အဖြစ် သမ္မာ တစ်လုံးကို သိမြင်သွားခြင်းဖြစ်သည်။ ထို့ကြောင့် ဘုရားကို တရားက မွေးဖွားခြင်းဖြစ်သည်။
တရားဟောခြင်း
သိဒ္ဓတ္ထကုမာရကို သမ္မာသမ္ဗုဒ္ဓဘုရားအဖြစ်ကို ရောက်စေသော အရိယသစ္စာတရား မှာလူသည် ကောင်းတာလုပ်လျင် ကောင်းသူဖြစ်၍၊ မကောင်းတာ လုပ်ပါက မကောင်းသူဖြစ်သည် ဟူသောအချက်ပင်ဖြစ်သည်။ ဤတရားသည် ရိုးစင်းလှ သည်။ လူတိုင်းသိသည် ဟုထင်ရဖွယ်ရှိသည်။ သို့သော် ဆင်းရဲနှင့်ချမ်းသာဖြစ်မှု များဆိုင်ရာတွင် မရိုးသားသော အမြင်များသည် လူတို့၌ လက်ဦးစွဲရောက်နေသဖြင့် ဤရိုးစင်းသော တရားကိုမမြင်နိုင်ကြခြင်းဖြစ်သည်။ မိမိ၏ ဆင်းရဲနှင့်ချမ်းသာ ကိုတန်းခိုးရှင်က ဖြစ်စေ၊ နက္ခတ်တာရာကဖြစ်စေ၊ ဓာတ်ကဖြစ်စေ၊ နတ်ကဖြစ်စေ၊ လူမဖြစ်မီရှေးကံကဖြစ်စေ၊ ပြုလုပ်သည် ဟု ခံယူကြသည့် အမြင်များဖြစ်သည်။ ဤအမြင်များသည် မရိုးသားသော အမြင်များဖြစ်၍ အမှန်မမြင်ရန်ဖုံးကွယ်ထား သည်။ ဤအမြင်များကို ခံယူထားကြသူတို့သည် ကိုယ်ပြုသမျှကိုယ်ခံရ၊ စံရသည် -ဟူသော ဘုရား၏တရားကို အပြင်းအထန် ငြင်းဆန်ကြသည်။ ထို့ကြောင့် ဘုရား သည် သိနိုင်သူအချို့ကိုသာ ရွေးချယ်ဟောပြောခဲ့သည်။ ဘုရား၏ စားဝတ်နေ ရေးမှာ အစားအတွက် ဆွမ်းခံစားသည်။ ဆွမ်းခံခြင်းဟူသည် ထမင်းတောင်းခြင်း မဟုတ်။ ထမင်းပေးခြင်းကို လက်ခံခြင်းသာဖြစ်သည်။ အ၀တ်အတွက် ပိုင်ရှင်မဲ့အ ၀တ်များကို ရှာဖွေဝတ်သည်။ အနေအတွက် သစ်ပင်၊ တောင်ခေါင်း၊ သူတပါးလှူ သော ဇရပ်၊ ကျောင်းတို့၌နေသည်။ ဘုရားသည် စားဝတ်နေရေးအတွက် သီးခြား အားထုတ်၍ အလုပ်မလုပ်။ တရားဓမ္မ ဟောပြောပြသမှုကို ပြုနိုင်ရန်အတွက်သာ စားဝတ်နေမှုကိုမှီဝဲသည်။ လောကလူသားများကား အလုပ်လုပ်ဖို့ စားခြင်းမဟုတ်၊ စားဖို့အလုပ်လုပ်ခြင်းသာ ဖြစ်သည်။ ဘုရားသည် တရားထိုးထွင်းသိမြင်ပြီး နှစ်လ တရားမဟောဘဲ တရားကိုသာ အဖန်ဖန် ပြန်လည်သုံးသပ်ကာနေသည်။ ဘုရားဖြစ် ၍နှစ်လတိတိအကြာ ၀ါဆိုလပြည့်နေ့၌ မိဂဒါတော(မိဂဒါဝုန်)၌ တရားနာသူငါးဦး အဖွဲ့ကို ပထမဆုံး တရားဟောသည်။ ပဉ္စ၀ဂ္ဂီဟု အသိများကြသည်။ တရားဟော ကြားရာ၌ တရားရှာသူများ ရှောင်ရမည့် တရားအန္တရာယ်နှစ်ပါးနှင့် အရိယသစ္စာ လေးပါး တရားပြချက်၊ တရားစက်လည်ပုံများဖြစ်သည်။ ထိုတရားကို (ဓမ္မစကြာ တရားတော်) ဟု ယနေ့သိကြသည်။ ဓမ္မစကြာတရားတော်သည် ဘုရားရှင် တရားရ ပုံ(ဗုဒ္ဓ၀င်)ကို ပြန်လည်ပြောပြသောတရား ဖြစ်သည်။ ဘုရားရှင်ဟောသောတရားမှာ သိဒ္ဓတ္ထကုမာရကို သမ္မာသမ္ဗုဒ္ဓ စင်စစ်ဖြစ်စေသော (ပဋိစ္စသမုပ္ပါဒ်တရား)ဖြစ်သည်။ ထိုတရားကိုအခြေခံ၍ အရိယသစ္စာလေးပါးတရားကိုဟောခြင်းဖြစ်သည်။
လောကလွတ်မြောက်ငြိမ်းချမ်းရေး တရားဟောစေလွှတ်ခြင်း
ဓမ္မစကြာတရားဒေသနာသည် ဘုရားရှင်၏ ၄၅နှစ်တာကာလအတွင်း ဟောကြား သော တရားအားလုံး၏ အုတ်မြစ်တရားလည်း ဖြစ်သည်။ ပထမနေ့၌ တရားနာ သူငါးဦးအဖွဲ့မှ တစ်ဦးသာ ဘုရားတရားကို နားလည်ခဲ့သည်။ ထိုနေ့မှာပင် ထိုတရား သိသူသည် ဘုရားထံ တပည့်သံဃာအဖြစ်ခွင့်ပန် ၀င်ရောက်ခဲ့သည်။ နောက်တစ် ရက်စီ၌ တစ်ဦးစီ တရားရပြီး သံဃာဝင်များ ဖြစ်ကြသည်။ ဤသို့ဖြင့် ၀ါတွင်းသုံးလ ကာလ တရားဟောခဲ့ရာသီတင်းကျွတ်တွင် သံဃာဦးရေခြောက်ဆယ် ရရှိလာ သည်။ ဘုရားရှင်သည် ဤသံဃာဝင်များကို လူအများအတွက် အကျိုးစီးပွားဖြစ်စေ ရန်(ဗဟုဇန ဟိတာယ)၊ လူအများအတွက် ချမ်းသာသုခရစေရန်(ဗဟုဇန သုခါယ)၊ လောကကြီး ငြိမ်းချမ်းရှင်သန်စေရန်(လောကာနုကမ္ပါယ)- ဟူသော တရားရည်မှန်း ချက်များချပေးပြီး၊ တရားဟောရန်အတွက် တစ်ခရီးလျင် နှစ်ပါးမသွားဘဲ တစ်ပါး ကျစီသွားကြ ဟုမိန့်ကြား စေလွှတ်ခဲ့သည်။
သံဃာ့အဖွဲ့ဝင်များ
ဘုရားရှင်သည် တပည့်အဖွဲ့ဝင် သံဃာကို ဘုရားဖြစ်ပြီး နှစ်လအကြာတွင် စတင်ထူ ထောင်ခဲ့သည်။ ပထမဆုံး သံဃာအဖွဲ့ဝင်မှာ ပဉ္စ၀ဂ္ဂီဟူသော ငါးဦးအဖွဲ့မှ “အရှင် ကောဏ္ဍည”ဖြစ်သည်။ နောက်ဆုံးအဖွဲ့ဝင်မှာပါဝါပြည် မလ္လာမင်းတို့၏ အင်ကြင်း ဥယျာဉ်၌ ဘုရားလွန်ခါနီး သံဃအဖွဲ့ဝင်အဖြစ် ခွင့်ပန်ခဲ့သော “အရှင်သုဘဒ္ဒ”ဖြစ် သည်။ ဘုရားသည် တပည့်အဖွဲ့ဝင် သံဃာကို လက်ခံထားသော်လည်း ပုရိမဗောဓိ ခေါ်သော ပထမနှစ်၂၀တွင် သံဃာဝင်စည်းကမ်းဟူ၍ သတ်မှတ်မထားဘဲ တရား နှင့်သာ နေစေခဲ့သည်။ သံဃာဝင်များကို လပြည့်၊ လကွယ်နေ့တိုင်း ၁၅ရက်တစ် ကြိမ် ဥပုသ်ပြုစေကာ သြ၀ါဒပေး၍ စစ်ဆေးခဲ့သည်။ သြ၀ါဒ-ဟူသည်ကား ခံနိုင်ရည်ရှိခြင်း၊ ခံစားမှုနောက် မလိုက်ခြင်း၊ အခွင့်လွှတ်ခြင်း၊ မကောင်းမှုမပြုခြင်း၊ ကောင်းမှုပြည့်စုံအောင်နေခြင်း၊ စိတ်ဖြူစင်အောင်နေခြင်း၊ ဤသည်တို့ကား ဘုရား တို့၏အဆုံးအမပင်တည်း ဟူ၍ ဖြစ်ပါသည်။ ယင်းကို “သြ၀ါဒပါတိမောက်”ဟု ခေါ်ကြသည်။ ဥပုသ်ပြုခြင်း- ဆိုသည်မှာ-ဘုရားထံ ဆည်းကပ်မှုပြု၍ စစ်ဆေးခံခြင်း ဖြစ်သည်။ စစ်ဆေးခံပုံမှာ ဘုရားပေးသော သြ၀ါဒအတိုင်း မိမိ-ရှိ၊ မရှိနှင့်မရှိလျင် ရှိအောင်နေထိုင်ပါမည်ဟု ဖွင့်ဟ၀န်ခံ၍၊ ၀န်ခံရန် မရှိပါက ဆိတ်ဆိတ်နေခြင်းဖြစ်ပါ သည်။ ဘုရားသည် နှစ်ပေါင်း၂၀ကြာအောင် ဤသြ၀ါဒကို ပေးနေခဲ့သည်။ နှစ်ကာလ ရှည်လာသောအခါ သံဃာလိုက်နာသောတရား ကောင်းမွန်သောကြောင့် လူအများက အားထားကြည်ညိုလာကြသည်။ ထို့ကြောင့်သံဃာသည် ပစ္စည်းလေးပါး ချမ်းသာလာ၍ ဂုဏ်ပြုချီးမွမ်းမှု များစွာခံရသည်။ ထို့ကြောင့် ချမ်းသာကြွယ်ဝ လိုသော၊ ဂုဏ်ပြုမှု ချီးမွမ်းမှု ခံယူလိုသောအချောင်သမားများ သံဃာ့ဘောင်သို့ဝင် လာကြသည်။ ထိုသူတို့သည် တရားကို မသိကြ၊ သိရန်လည်း အားမထုတ်ကြ။ လာဘ်များ၍ စည်းစိမ်ချမ်းသာရရန်၊ ကျော်စောရန်၊ အချီးမွမ်းအပူဇော်ခံရန်(လာဘ၊ သက္ကာရ၊ သိလောက)ကိုသာ ကြိုးစားလာကြသဖြင့် သံဃာသည် ဂုဏ်ညှိုးလာ သည်။ ထို့ကြောင့် ဘုရားသည် ထိုအကြောင်းကိုသိ၍ သံဃာဝင်အသက်နှစ်(၂၀) အကြာတွင် “သံဃာ့ဝိနည်း”-ဟူသော သံဃာဝင်များ လိုက်နာရမည့်စည်းကမ်းကို စတင်ထုတ်ပြန် ပညတ်ခဲ့သည်။ ထို့ပြင် အမှုမဖြစ်ပေါ်ဘဲ ကြိုတင်၍စည်းကမ်းပြု ခြင်း (၀ါ) ၀ိနည်းပညတ်ခြင်း မပြုခဲ့၊ ပေါ်သောအမှုအလျောက် ၀ိနည်းကို ပညတ်ခဲ့သည်၊ စည်းကမ်းပြုခဲ့သည်။
ဘုရားမဟောသောတရား
ဘုရားရှင်သည် ဘုရားဖြစ်သည်မှ လွန်သည့်အချိန်ထိ ၄၅နှစ်တာကာလ၌ သံဃာ ၀င်များနှင့် ဆည်းကပ်သူ လူအများကို တရားဟောခဲ့သည်။ တရားများ ဟောကြားရာ တွင် ဘုရားသည် လူ၊ လူ့အသက်နှင့် လူမရှိသည့်အရာများကို ပြတ်ပြတ်သားသား ငြင်းဆိုဟောပြောခဲ့သည်။ လူများ(လောက)မြဲသလား၊ မမြဲသလား၊ လူများ (လောက) အဆုံးရှိသလား၊ မရှိသလား ပြဿနာ၊ သေပြီးနောက် ဖြစ်သလား၊ မဖြစ်သလား၊ တစ်ချို့ဖြစ်၍ တစ်ချို့မဖြစ်သလား၊ ဖြစ်လည်းမဟုတ်၊ မဖြစ်လည်းမဟုတ်သ လား ပြဿနာ၊ လူနှင့်အသက် တူသလား၊ မတူသလား ပြဿနာ၊ ဤပြဿနာ (၁၀)ချက် ဖြစ်သည်။ ဤပြဿနာ(၁၀)ချက်သည် လူ့ငြိမ်းချမ်းမှု အရိယသစ္စာတရား နှင့်မဆိုင်ဘဲ၊ အမြင်မှောက်မှား စိတ္တဇပွားစေသည့် ပြဿနာများ ဖြစ်စေသည့် တရားများသာ ဖြစ်သည်ဟု ဘုရားရှင်ရှင်းပြခဲ့သည်။ ထို့ကြောင့် ဘုရားဟောသော တရားများသည် လူ၏အရည်အသွေးခြင်းရာကို ဖော်ပြနေသော၊ လူ၏ဂုဏ်ရည်များ ဖြစ်သော လူ၏ ပြုမူလှုပ်ရှားမှုကံများ၏ဖြစ်ရာ၊ ဖြစ်ကြောင်းနှင့် ငြိမ်းရာ၊ ငြိမ်းကြောင်း ဟူသော အချက်လေးချက်သာ ဖြစ်သည်။ ယင်းကို “အရိယသစ္စာလေးပါး” ဟု သိကြသည်။ ထို့ကြောင့် ဘုရာ့တပည့်သာဝကများက အရိယသစ္စာလေးပါးမှ လွတ် သော ဘုရားတရားဟူသည် မရှိ(စတုသစ္စ ၀ိနိမုတ္တောဓမ္မောနာမ နတ္ထိ) ဟုမှတ်တမ်း ပြုခဲ့ကြခြင်းဖြစ်သည်။ ဘုရာရှင်သည် သက်တော်ရှစ်ဆယ်၌ ၀မ်းလျောရောဂါဖြင့် ပရိနိဗ္ဗာန်ပြုတော်မူသည်။ ပါဝါပြည် မလ္လာမင်းတို့ အင်ကြင်းဥယျာဉ်ရှိ ညောင်စောင်း ၌လဲလျောင်းရင်း ဘုရားရှင်သည် ပရိနိဗ္ဗာန် မပြုမူမီ နောက်ဆုံးနာရီအနီးတိုင် နောက်ဆုံးသာဝကဖြစ်သော သုဘဒ္ဒပရိဗိုဇ်ကို တရားဟောတော်မူသည်ထိ လုံ့လ၊ ၀ီရိယကြီးမားစွာဖြင့် တရားကိုအလေးထားတော်မူခဲ့သည်။ သုဘဒ္ဒပရိဗိုဇ်ကို တရား ဟောရာတွင်- “ငါဘုရား၏ အဆုံးအမသာသနာ၌သာ မဂ္ဂင်ရှစ်ပါးအကျင့်မြတ်တရား ရှိသည်၊ ထိုအကျင့်မြတ်ကို လိုက်နာကျင့်ကြံနေသမျှ ကာလပတ်လုံးလူ လောကတွင် ရဟန္တာမဆိတ်သုဉ်းကြောင်း” ဟောခဲ့သည်။
ဘုရားရှင် ပရိနိဗ္ဗာန်ပြုတော်မူခြင်း
သုဘဒ္ဒပရိဗိုဇ်ကို တရားဟောအပြီး ဘုရားရှင်သည်ညောင်စောင်းထက်၌ လျောင်းလျက်ပင် တပည့်သံဃာဝင်များအား မိမိအပေါ်၌ အပြစ်မြင်လျင် ပြောကြရန်၊ တရား၌ ယုံမှားရှိလျင် မေးကြရန် အခွင့်ပေးရာ တပည့်သံဃာဝင်တစ်ဦး တစ်ယောက်ကမျှ ဘုရားအပေါ် အပြစ်စိုးစဉ်းမျှ မမြင်ကြကြောင်း၊ တရား၌ ယုံမှား သင်္ကာ မရှိကြကြောင်း ပြန်လျှောက်ကြသည်။ ထို့နောက် ဘုရားသည် မှတ်သားဖွယ် စကားလေးခွန်းပြောခဲ့သည်။
(၁) ဘုရားကို ဆွမ်း၊ သင်္ကန်း၊ ပန်း၊ ဆီမီး၊ ရေချမ်း အစရှိသော အာမိသပူဇာဖြင့် ပူဇော်သက္ကာရ ပြုခြင်းထက် တရားကို မြတ်နိုးမှုကသာလွန်ကောင်းမွန်ကြောင်း၊
(၂) ပြောဆိုဆုံးမ၍ မရသူအား ကောင်းမကောင်း လမ်းညွှန်ဆုံးမမှု မပြုတော့ဘဲ လျစ်လျူရှုထားခြင်း ဗြဟ္မဒဏ် ထားရန်၊
(၃) ဘုရားအစား တရားနှင့်ဝိနည်းကို ဆရာအဖြစ် ကိုးကွယ်ရန်၊
(၄) ၀ိနည်းအငယ်များကို ပြင်ဆင်ခွင့်အာဏာကို သံဃာ့ထံ ပေးအပ်ကြောင်း တို့ ဖြစ်သည်။
(မှတ်သားသင့်ပါသည်)။
ဘုရားလွန်ပြီးနောက် ရုပ်ကြွင်းကို ရက်အနည်းငယ်ထားပြီး၊ မီးသင်္ဂြိုဟ်သည်။ မီးသင်္ဂြိုဟ်သောအခါ မီးရှိန်ပြင်းခိုက် အားလုံးပြာမကျမီရေဖြင့်ငြှိမ်းသောကြောင့် အရိုးဓာတ်အချို့ ပကတိအတိုင်းကြွင်း၍၊ အများအားဖြင့် အလုံးအခဲများအဖြစ်ကြွင်း သည်။ ဤဓာတ်ကြွင်းများကို ပါဠိလို “အ၀သေသရီရ”၊ မြန်မာလို ကိုယ်ကြွင်းများဟု ခေါ်သည်။ ယနေ့ ဓာတ်တော်များဟု ခေါ်ကြသည်။ ဓာတ်တော်ဟူသည်မှာ ဘုရား၏ဓာတ်လေးပါးဖြစ်၍ ခေါ်ခြင်းဖြစ်သည်။ ထိုကိုယ်ကြွင်း ဓာတ်တော်များသည် ယနေ့ဗုဒ္ဓဘာသာဝင်များ၏ ကိုးကွယ်ပူဇော်စရာများအဖြစ် တည်ရှိနေသည်။ ဓာတ်တော်များနှင့်အခြားသော ဘုရားအသုံးအဆောင် ပစ္စည်းအကြွင်းအကျန်များ ကို စေတီ၊ ပုထိုးအဖြစ် ဘုရားအထိမ်းအမှတ်များ စိုက်ထူကိုးကွယ်ကြသည်။ ဘုရား ရုပ်ထုများကိုလည်း ထုလုပ်ကိုးကွယ်ကြသည်။ ဗုဒ္ဓဘာသာဝင်များသည် ဘုရား အထိမ်းအမှတ်နှင့် ရုပ်တုများ၊ ဓာတ်တော်များ အနီးအပါးသို့ရောက်လျင် ဦးညွှတ် ရိုသေဂါရ၀ပြု (ရှိခိုး) ကြရသည်။ ထိုသို့ ရှိခိုးပူဇော်ရာတွင် ဘုရားရှင် သက်ရှိထင် ရှားရှိသကဲ့သို့အာရုံပြု၍ ပူဇော်ကြရပါမည်။ ဘုရာရှင်အား ရှိခိုးပူဇော်ခြင်းထက် ဘုရားရှင်ဟောကြားခဲ့သော တရားများအတိုင်း ကျင့်ကြံနေထိုင်သွားရန်မှာ ပို၍ပင် အရေးကြီးပါသည်။ တရားသိလာလျှင် ဘုရားကို ပို၍ပင်ယုံကြည်မှု၊ ဘုရားရှင်၏ ဂုဏ်ကျေးဇူးတော်များကို ပို၍သိတက်လာမှု များဖြစ်လာပါလိမ့်မည်။ ထို့ကြောင့်စာဖတ်သူများသည်လည်း မိမိတို့သိနေကြတော့ တရားတော်များအတိုင်း သတိရှိကာ ကြိုးစားကျင့်ကြံအားထုတ်ကြပါ ရန်အရေးကြီးပါသည်။

အဆင်းသာရှိ၍ အနံ့မရှိသော တင့်တယ်လှပသော(ပေါက်ပန်းပွင့်စသော)ပန်းသည် ပန်ဆင်သူ အားလုံး အားအနံ့တည်းဟူသော အကျိုးကိုမဆောင်နိုင်သကဲ့သို့ ကောင်းစွာဟောကြားတော် မူအပ်သော (ပိဋကတ်)တရားတော်သည် မလိုက်နာ မကျင့်ကြံသူအား အကျိုးကိုမဆောင်နိုင်။
(ဓမ္မပဒ)

ထို့ကြောင့် အောက်တွင်ရေးသားထားပါသော မဂ္ဂင်ရှစ်ပါးတရားတော်သည် စာဖတ်သူတို့ လိုက်နာကျင့်ကြံရန် တစ်ခုတည်းသော လမ်းစဉ်ပင်ဖြစ်ပါတော့သည်။

စိရံတိဋ္ဌတု သဒ္ဓမ္မော
သဒ္ဓမ္မော- မွေးသေလွတ်သောသူတော်ကောင်းတရားသည်၊
စိရံ- ကြာမြင့်စွာသော ကာလပတ်လုံး၊
တိဋ္ဌတု- တည်ပါစေသတည်း။


မဂ္ဂင်ရှစ်ပါး

မဂ္ဂရှစ်ပါး တရားတော်ကို ရေးသား၍ ဘုရားရှင်၏တရားတော်များ အနှစ်သာရကို သိရှိစေရန် ဓမ္မဒါနပြုအပ်ပါသည်။ ကျနော် အနေနဲ့ စာဖတ်သူများ သိရှိလိုက်သော အသိကို လိုက်ကျင့်ကြပါလို့ အလေးနက်ထား၍ သတိပေးလိုပါသည်။ အသိကို လိုက်မကျင့်ပါက သိသလို မသိသလိုနဲ့ နောက်ဆုံးတော့ မသိတာ ဘဲဖြစ်သွားတက်ပါသည်။ မဂ္ဂင် တရားများအားထုတ်၍ နိဗ္ဗာန်ကို မျက်မှောက်ပြုနိုင်ကြပါစေ။

အမှန်မြင်ခြင်း

ဇာတိ၏အဆုံး၊ ဒုက္ခ၏အဆုံးကို မြင်တော်မူသော မြတ်စွာဘုရားသည် တစ်ခု တည်းသောမဂ်ကို ဟောကြားတော်မူခဲ့လေပြီ။ မဂ်ဆိုရာ၌ လမ်းကိုဆိုလိုခြင်း ဖြစ်သည်။ ထိုလမ်းကား မသေရာလမ်းပင်ဖြစ်၏။ သံသရာအဆက်မပြတ် အဖန်ဖန် သေပွဲဝင်ရခြင်းဟူသည့် အကြီမားဆုံးသော ဒုက္ခကြီးကို မြတ်ဗုဒ္ဓသည် ဖြတ် တောက်ခဲ့လေပြီ။ ကိုယ်တိုင်သိမြင်ပြီးသော အေးချမ်းရာ နိဗ္ဗာန်ဆီသို့ သွားရောက် နိုင်သောလမ်းကိုလည်း သတ္တ၀ါတို့အား ဟောကြား တော်မူခဲ့ပါသည်။ သံသရာ စက်ရဟတ်ကို ဖြတ်တောက်ပြီးခဲ့သော မြတ်ဗုဒ္ဓသည် ငြိမ်းချမ်းတော်မူခဲ့လေပြီ။

သံသရာဆိုသည်မှာ အဘယ်နည်း။ “မွေးဖွားခြင်း- ဇာတိ၊ အိုမင်းရင့်ရော်ခြင်း- ဇရာ၊ ဖောက်ပြန်ခြင်း- ဗျာတိ၊ ပျက်စီးချုပ်ပျောက်ခြင်း- မရဏ” တို့ အဆက်မပြတ် ဖြစ်ခြင်း ပျက်ခြင်းသဘောကို ဆိုလိုခြင်းဖြစ်သည်။ ထိုဆင်းရဲတို့၏အဆုံးကို မြင်တော်မူပြီးခဲ့သော မြတ်စွာဘုရားသည် မဂ္ဂင်ရှစ်ပါးကျင့်စဉ်တရားတို့ကို ဟောပြ ဆုံးမတော်မူခဲ့ပါသည်။ ဤဆုံးမတော်မူခဲ့သော မဂ္ဂင်ရှစ်ပါးတရားတော်ကြီးသည် အဖိုးမဖြတ်နိုင်သော တရားတော်ကြီးဖြစ်ခြင်းကြောင့် လိုက်နာကျင့်ကြံကြသူတို့ အဖို့ အင်မတန်အကျိုးကြီးမားလှသော တရားတော်ကြီးပင်ဖြစ်ပါသည်။ ထိုမဂ္ဂင်ရှစ် ပါး ကျင့်စဉ်တရားတို့မှာ-
(၁) သမ္မာဒိဋ္ဌိ = မှန်သောအမြင်ရှိခြင်း။ (ပညာမဂ္ဂင်)
(၂) သမ္မာသင်္ကပ္ပ = မှန်သောကြံစည်တွေးတောခြင်း။ (ပညာမဂ္ဂင်)
(၃) သမ္မာဝါစာ = မှန်သောပြောဆိုခြင်း။ (သီလမဂ္ဂင်)
(၄) သမ္မာကမ္မန္တ = မှန်သောပြုလုပ်ခြင်း။ (သီလမဂ္ဂင်)
(၅) သမ္မာအာဇီဝ = မှန်သောအသက်မွေးခြင်း။ (သီလမဂ္ဂင်)
(၆) သမ္မာဝါယမ = မှန်သောဝီရိယရှိခြင်း၊ အားထုတ်ခြင်း။ (သမာဓိမဂ္ဂင်)
(၇) သမ္မာသတိ = မှန်သောသတိရှိခြင်း။ (သမာဓိမဂ္ဂင်)
(၈) သမ္မာသမာဓိ = မှန်သောတည်ကြည်ခြင်း။ (သမာဓိမဂ္ဂင်)
တို့ ဖြစ်ကြပါသည်။

သမ္မာဒိဋ္ဌိ (သမ္မာ- မှန်ကန်စွာ၊ ဒိဋ္ဌိ- မြင်ခြင်း ၊ အယူရှိခြင်း) ဖြစ်ပါသည်။ အမှန်ဆုံး သော အမြင်ကတော့ သစ္စာလေးပါးမြင်ခြင်းကို ဆိုလိုပါသည်။ ခန္ဓာနှင့်နိဗ္ဗာန် အလွန်ဝေးကွာစွာရှိနေသည် မဟုတ်ပါပေ။ နိဗ္ဗာန်နှင့် ခန္ဓာတို့သည် တစ်ဆက် တည်းရှိသည်ဟု မြတ်ဗုဒ္ဓမိန့်ကြားတော်မူခဲ့ပါသည်။ အဘယ့်ကြောင့် ဝေးသည်ဟု ထင်နေရသနည်း။ လောဘ၊ ဒေါသ၊ မောဟစသော ကိလေသာရေအလျှင်တို့ ဖုံးလွှမ်းနေခြင်းကြောင့် ဝေးနေရခြင်းဖြစ်ပါသည်။ ဆိုလိုသည်မှာ နိဗ္ဗာန်သည် တစ်ဘက်ကမ်း၊ ခန္ဓာကို ကျန်တစ်ဘက်ကမ်းဟုဆိုလျှင် ကြား၌ရှိသော ရေအလျှင် တို့ ဖုံးလွှမ်းထားခြင်းကြောင့် ကမ်းနှစ်ခု တစ်ဆက်တည်းရှိနေမှန်း မသိရလောက် အောင် ဝေးကွာသည်ဟု ထင်နေရခြင်းပင်ဖြစ်၏။ ထိုရေတို့ကို ဖယ်ထုတ်လိုက် လျှင် တစ်ဆက်တည်းရှိမှန်း မြင်နိုင်မည်ဖြစ်ပါသည်။

သစ္စာလေးပါးတို့မှာ ဒုက္ခသစ္စာ- ဆင်းရဲခြင်းအမှန်တရား၊ သမုဒယသစ္စာ- ဆင်းရဲ ကြောင်းအမှန်တရား၊ နိရောဓသစ္စာ- ချုပ်ငြိမ်းခြင်းအမှန်တရား၊ မဂ္ဂသစ္စာ- ချုပ်ငြိမ်း ကြောင်းလမ်းမှန်တရား ဟူ၍ဖြစ်၏။ ဒုက္ခသစ္စာ(ခန္ဓာငါးပါး)သည် သိရုံသာသိရမည့် အကျိုးတရား၊ သမုဒယသစ္စာ (လောဘ)သည် ပယ်သတ်ရမည့် အကြောင်းတရား၊
နိရောဓသစ္စာ(နိဗ္ဗာန်)သည် ဆိုက်ရောက်ရမည့်တရား၊ မဂ္ဂသစ္စာ(မဂ္ဂင်ရှစ်ပါး)သည် ပွားများရမည့်တရားတို့ ဖြစ်ကြ၏။ ဒုက္ခကိုသိလိုက်ရုံဖြင့် လိုချင်မှုလောဘကို ပယ်သလို ငြိမ်းချမ်းခြင်းနိရောဓကိုဆိုက်ခြင်းနှင့် ပွာများခြင်းမဂ္ဂတို့သည် တစ်ပြိုင် နက်တည်းပင် ဖြစ်၏။ သောတာပန်မဖြစ်သေးသည့် ၀ိပဿနာအားထုတ်နေသော ပုထုဇဉ်ပုဂ္ဂိုလ်သည် ဒုက္ခကိုသစ္စာထိုက်အောင် မသိသေးသည် ဖြစ်ခြင်းကြောင့် ပယ်ခြင်း၊ ဆိုက်ခြင်း၊ ပွားခြင်းတို့သည် သစ္စာထိုက်ဦးမည် မဟုတ်သေးချေ။ သို့သော်လည်း ဒုက္ခသိခြင်းကို အဖန်ဖန် ဥာဏ်ဦးနေခြင်းဖြင့် ပယ်ခြင်း၊ ဆိုက်ခြင်း၊ ပွားခြင်းတို့သည်လည်း တစ်ပြိုင်နက်ဖြစ်နေပေမည်။ ဤနေရာ၌ ပုထုဇဉ်တို့၏ မဂ္ဂင်သည် ငါးပါးသာရှိနေဦးမည်ဖြစ်သည်။ သီလမဂ္ဂင်သည် သောတာပန် အရိယာမှသာလျှင် အဓိသီလဖြစ်သွားသည် ဖြစ်ခြင်းကြောင့် မဂ္ဂင်ရှစ်ပါး စုံလင် သွားရပေသည်။ ပုထုဇဉ်တို့၏သီလမှာ မခိုင်မြဲသေးသည် ဖြစ်ခြင်းကြောင့် သစ္စာထိုက်သောသီလ မဖြစ်သေးခြင်းဖြစ်ပါသည်။

ဥပရိပဏ္ဏာသပါဠိတော်၊ အဋ္ဌကထာတို့မှာလာသော သမ္မာဒိဋ္ဌိငါးမျိုးရှိပါသည်။ ၎င်း တို့ ကတော့-
(၁) ကမ္မသကတာ သမ္မာဒိဋ္ဌိ - ကောင်းကျိုး၊ မကောင်းကျိုးတို့သည် ဖန်ဆင်းရှင်က မဖန်တီး၊ မိမိပြုလုပ်ခဲ့သော ကောင်းမှုကံတို့က ကောင်းကျိုးကိုဖန်တီးမည်ဖြစ်ပြီး၊ မကောင်းသောကံတို့က မကောင်းကျိုးတို့ကို ဖန်တီးမည်ဖြစ်သည်ဟု အမြင်မှန် ခြင်း။
(၂) ၀ိပဿနာသမ္မာဒိဋ္ဌိ - ငါ၊ သူတစ်ပါး၊ ယောက်ျား၊ မိန်းမ မရှိ၊ (က) ရူပက္ခန္ဓာ- ဖောက်ပြန်ပျက်စီးတတ်သော သဘောတရားအစု(ရုပ်တရား)၊ (ခ) သညာက္ခန္ဓာ- မှတ်သားတတ်သော သဘောတရားအစု(နာမ်တရား)၊ (ဂ) သင်္ခါရက္ခန္ဓာ- ကြံစည် တွေးတောတတ်သော သဘောတရားအစု(နာမ်တရား)၊(ဃ) ဝေဒနာက္ခန္ဓာ-ခံစား တတ်သော သဘောတရားအစု(နာမ်တရား)၊ (င) ၀ိဥာဏက္ခန္ဓာ-သိတတ်သော သဘောတရားအစု(နာမ်တရား)တို့သာလျှင်ရှိသည်ဟု သိမြင်ပြီး ဖြစ်ခြင်း-ပျက်ခြင်း သဘောကိုသာရှိသည်ဟု အမြင်မှန်ခြင်း။
(၃) မဂ်သမ္မာဒိဋ္ဌိ - ခန္ဓာငါးပါး၏ ဖြစ်ပျက်သဘော ဒုက္ခသစ္စာကိုဘဲမြင်ခြင်း။
(၄) ဖလသမ္မာဒိဋ္ဌိ(ဖိုလ်သမ္မာဒိဋ္ဌိ)- မဂ်ကြောင့်ရသောအကျိုး(နိဗ္ဗာန်ကိုအမှန်မြင် ခြင်း)။
(၅) ပစ္စ၀က္ခဏာသမ္မဒိဋ္ဌိ - နိဗ္ဗာန်၏ငြိမ်းအေးချမ်းသာယာမှုကို ပြန်ပြီးဆင်ခြင် သုံးသပ်ခြင်းဖြင့် အမှန်မြင်ခြင်း။ ဟူ၍ ဖြစ်ပါသည်။

တဖန်လည်း သမုတိနယ်(ပညတ်နယ်)မှာရှိသော သမ္မဒိဋ္ဌိ(၁၀)မျိုးလည်း ရှိပါ သေးသည်။ ၎င်းတို့မှာ-
(၁) အတ္ထိဒိန္နံလောကေ- လောကမှာ အပြစ်မရှိ ကောင်းသောဝတ္ထုပစ္စည်းတွေကို ပေးလှူခြင်းပြုသူသည် ကောင်းကျိုးချမ်းသာရရှိပြီး အပြစ်ရှိသည်၊ ကောင်းသော ပစ္စည်းတွေကို လှူတာကတော့ မကောင်းကျိုးဘဲ ပေးတယ်ဟူ၍ အမြင်မှန်ရှိခြင်း။
(၂) အတ္ထယိဋ္ဌံ - အကြီးအကျယ်လှူရင် အကြီးအကျယ်ရသည်ဟူ၍ အမြင်မှန်ရှိ ခြင်း။
(၃) အတ္ထိသုကတ ဒုက္ကဋာနံ ကမ္မာနံ ဖလံတိပါကော - ကောင်းမှုပြုလုပ်သော ကုသိုလ်ကံသည် ကြီးကျယ်ကောင်းမြတ်သော အကျိုးရင်းသုခ၊ သေးငယ်ကောင်း စားသည့် အကျိုးဖျားသုခတွေကို မုချပေးပြီး မကောင်းမှုပြုလုပ်သော အကုသိုလ် ကံကတော့ ကြီးကျယ်ဆိုးရွားသည့် အကျိုးရင်းကိုရော၊ သေးငယ်သည့် ဆိုးကျိုး များရော ပေးသည်ဟူ၍ ယုံကြည်ပြီး မကောင်းမှုကို ရှောင်ကြဉ်တတ်သည့် အမြင်မှန်ရှိခြင်း။
(၄) အတ္ထိဟုတံ- တိရစ္ဆာန်တွေကို ကျွေးမွေးပေးလှူခြင်းသည်လည်း ကောင်းကျိုး ပေးသည်ဟူ၍ အမြင်မှန်ရှိခြင်း။
(၅) အတ္ထိမာတာ- လောကမှာ မိခင်ကို ရိုသေလေးစား ၊ ကျွေးမွေးပေးကမ်းခြင်း၊ ကောင်းစွာသဂြိုဟ်ခြင်း၊ အလှူးဒါနပြုပြီး အမျှပေးဝေခြင်း ပြုလုပ်ပေးရမည်၊ မပြု လုပ်ဘဲ မနေအပ်၊ ပြုလုပ်သော သားသမီးမှာ ကောင်းကျိုးချမ်းသာရသည်၊ မပြု လုပ်သော သားသမီးမှာ ဆင်းရဲဒုက္ခမုချဖြစ်မည် စသဖြင့် အမြင်မှန်ရှိခြင်း။
(၆) အတ္ထိပိတာ- မွေးသဖခင် ကျေးဇူးရှင်အပေါ်မှာလည်း မိခင်ကဲ့သို့ပင် သားသမီး များက ပြုလုပ်ကျင့်ကြံသင့်သည်ဟု အမြင်မှန်ရှိခြင်း။
(၇) အတ္ထိ သတ္တာ သြပပါတိဏ- ဒီလောကမှာ သက်ရှိထင်ရှား မြင်ကောင်းသည့် သတ္တ၀ါတွေရှိသလို မမြင်ကောင်းသည့် သြပပါတ်ပဋိသန္ဓေနေသူ နတ်၊ ဗြဟ္မာ၊ တစ္ဆေ၊ ပြိတ္တာ၊ သရဲတွေလည်း ရှိသည်ဟု အမြင်မှန်ရှိခြင်း။
(၈) အတ္ထိအယံ လောကော- မိမိတို့ ရထားသည့် ခန္ဓာနှင့်ဘ၀ဆိုတာသည်လည်း ပညတ်သဘောအမှန်ရှိနေတာဘဲဟူ၍ အမြင်မှန်ရှိခြင်း။
(၉) အတ္ထိ ပရော လောကော- တမလွန်ဘ၀ဆိုတာရှိသည်၊ သေလျှင် နောက်ဘ၀ တစ်ပါးမှာ ကံအားလျှော်စွာ ဘ၀တစ်ခု ဖြစ်ကြရဦးမည်ဟု အမြင်မှန်ရှိခြင်း။
(၁၀) အတ္ထိ လောကေ သမဏဗြမဏော- ဒီလောကမှာ အကျင့်မြင့်မြတ်သည့် ပုဂ္ဂိုလ်တွေရှိသည်၊ သဗ္ဗညုတဥာဏ်ရသည့် ဘုရားပစ္စေကဗုဒ္ဓါတွေ၊ ဈာန် အဘိဥာဏ် ရသည့်ပုဂ္ဂိုလ်တွေလည်း ရှိသည်ဟူ၍ အမြင်မှန်ရှိခြင်း။

ဤပြဆိုခဲ့သော (၁၀) မျိုးတို့သည်လည်း သမုတိနယ်ပယ်၌ အမြင်မှန်ခြင်း-သမ္မာ ဒိဋ္ဌိတို့ပင် ဖြစ်ပါသည်။ အမြင်မှန်ရှိခြင်းဖြင့် လောက၏အမှန်တရားကို ရှာဖွေတွေ့ရှိ မည်ဖြစ်ပါသည်။ အမြင်မှန်မရှိသ၍ကာလပတ်လုံး လောက၏အမှန်တရားကို ရှာဖွေတွေ့ရှိနိုင်မည်မဟုတ်ချေ။ ထို့ကြောင့် ကျွန်ုပ်တို့သည် မြတ်ဗုဒ္ဓဟောကြား ခဲ့သော သစ္စာလေးပါးတရားတော်မြတ်ကြီးကို မဂ်ဥာဏ်ဖိုလ်ဥာဏ်တို့ဖြင့် အမှန်မြင် ရအောင် အခြေခံသမ္မာဒိဋ္ဌိမှ အစပြု၍ ၀ိပဿနာသမ္မာဒိဋ္ဌိအထိ မိမိ၌ ကိန်းအောင်း လာအောင် ကျင့်ကြံကြိုးကုတ်အားထုတ်ဘို့ လိုအပ်ပါသည်။

စာဖတ်သူတို့အားလုံး ကိုယ်ကျန်းမာ၊ စိတ်ချမ်းသာစွာဖြင့် မဂ်သမ္မာဒိဋ္ဌိ၊ ဖလသမ္မာ ဒိဋ္ဌိတို့နှင့် ပြည့်စုံအောင် ကျင့်ကြံကြိုးကုတ်အားထုတ်နိုင်ကြပါစေ။

စာရေးသူ - ထွန်းထွန်းလှိုင်(19.10.2007) 2:15 မှာ ရေးသားပြီးသည်။

အမှန်တွေးခြင်း

သမ္မာသင်္ကပ္ပ(သမ္မာ- မှန်ကန်စွာ၊ သင်္ကပ္ပ- ကြံစည်ခြင်း၊ တွေးတောခြင်း) ဖြစ်ပါ သည်။ အမှန်ကိုတွေးတောနိုင်ဘို့ အမှန်ကိုဦးစွာမြင်ဘို့ လိုအပ်ပါ၏။ တဖန် အမှန် မြင်ဘို့လည်း အမှန်ကိုတွေးဘို့ လိုအပ်မည်ဖြစ်ပါသည်။ ထိုသို့ အပြန်အလှန် အကျိုးပြုနေသောသဘောသည်ပင်လျှင် တရားသဘောနိယာမဖြစ်၏။ အမှန်ကို အမြင့်ဆုံးအနေဖြင့် တွေးတောရမှာကတော့ ရုပ်တရား၊ နာမ်တရားတို့၏ ဖြစ်သ ဘော၊ ပျက်သဘောတို့ကို တွေးတောခြင်းနှင့် သစ္စာလေးပါးတရားတို့ကိုသာ အမှန် အားဖြင့် တွေးတောနေခြင်းဖြစ်ပါသည်။

လူ၊ နတ်၊ ဗြဟ္မာ၊ တိရစ္ဆာန်စသဖြင့် ပညတ်ထားသော အမည်နာမတို့ကို ဖြုတ်လိုက် လျှင် အားလုံးသည် သုံးဆယ့်တစ်ဘုံသား သတ္တ၀ါတို့ပင် ဖြစ်ကြပါသည်။ အဆင့် အတန်းဟူသော ခွဲခြားဆက်ဆံတတ်သည့်သဘောသည် မာနကိလေသာ၏ ခြယ် လှယ်မှုပင်ဖြစ်၏။ လူလူချင်းစာနာထောက်ထားတတ်ရုံသာမက တိရစ္ဆာန်လေးတွေ ကိုလည်း စာနာထောက်ထားတတ်ရပါမည်။ မိမိ၏ ကိုယ်ကျိုးစီးပွားအတွက် သူတစ်ပါးတို့၏ ကိုယ်ကျိုးစီးပွားကို ဖျက်စီးဘို့ ကြံစည်နေခြင်းသည် မလျော်ကန်မသင့်မြတ်လှသော အတွေးပင်ဖြစ်၏။ မိမိ၏ ကျန်းမာရေးအတွက် ယင်ကောင်လေးတွေ၊ ခြင်လေးတွေကို သတ်ဘို့ကြံစည်ခြင်းသည် မစာနာ မထောက်ထားသော ကြံစည်မှုပင်ဖြစ်၏။ အားလုံးသည်ပင်လျှင် သတ္တ၀ါတို့ မဟုတ်ကြပါလော။ ဤမျှ ရှည်လျားလှသော သံသရာ၌ မိမိသည်ပင်လျှင် ခြင်၊ ယင်တို့ဖြစ်ခဲ့ဖူးလေပြီ။ မိမိနှင့် ဆွေမျိုးမတော်စပ်ဘူးခဲ့သောသူမရှိခဲ့ဟူ၍ မြတ်စွာ ဘုရားဟောကြားခဲ့ပါသည်။ တစ်ခါတုန်းက မြတ်စွာဘုရားသည် အရှင်အာနန္ဒာ ဆွမ်းစားနေစဉ် သုံးဆောင်နေဆဲဖြစ်သော ငါးဟင်းမှာ တချိန်က သားတော်စပ်ဖူးခဲ့ကြောင်း တန်ခိုးတော်ဖြင့် ပြသလိုက်ရာ ဆွမ်းမစားဝံ့ဘဲ ဖြစ်ခဲ့ဖူးလေ၏။ ထို့ကြောင့် နိဗ္ဗာန်မရသေးသော သတ္တ၀ါအားလုံးသည် သံသရာ ခရီးသည်များဖြစ်ကြရာ အချင်းချင်း စာနာသင့်လှပေသည်။

ပေးကမ်းလှူဒါန်းခြင်းအမှုသည် အချင်းချင်းရိုင်းပင်းခြင်း၊ ကောင်းမှုပြုခြင်းပင်ဖြစ်ပါ သည်။ မိမိရထားသော အခွင့်အရေး၊ လာဘ်လာဘ၊ ဥစ္စာပစ္စည်းတို့အား သူတစ်ပါး တို့နှင့် မျှဝေစားသုံးခြင်းသည် မှန်သောတွေးခြင်းမှလာသော ကောင်းသောအလုပ် ဖြစ်၏။ မိမိပိုင်ဆိုင်ထားသော အရာအားလုံးတို့သည် သေလျှင်ထားခဲ့ရမည်သာ ဖြစ်ပါသည်။ ထို့ကြောင့် နိဗ္ဗာန်ကိုအလိုရှိသောဆန္ဒဖြင့် ကိုယ့်မှာရှိသော အသိပညာ ဗဟုသုတ၊ အခွင့်အရေး၊ လာဘ်လာဘတို့ကို ကိုယ်ချည်းသုံးဆောင်မနေပဲ သူတစ်ပါးတို့အားလည်း ဝေမျှသုံးဆောင်ခြင်းဖြင့် မိမိ၌ပါရမီကုသိုလ်အထူးတို့ ပါသွားမည်ဖြစ်ပေသည်။ ရေတစ်ခွက်ပေးလှူသည်ဖြစ်စေ ထိုဒါနကောင်းမှုသည် နိဗ္ဗာန်၏ အထောက်အပံ့ဖြစ်အောင် နိဗ္ဗာန်သို့ ရည်မှန်း၍သာ ပေးလှူကြပါလေ။

သူတစ်ပါးတို့ ဆင်းရဲကြောင်းကိုသာ တွေးတောနေခြင်းသည် မျက်မှောက်ကာလ မိမိမှာပူလောင်နေရသလို သူတစ်ပါးတို့အတွက်လည်း အကျိုးရှိလာစရာ အကြောင်းမရှိပေ။ တစ်ယောက်နှင့်တစ်ယောက် ရှုံ့ချခြင်း၊ ကဲ့ရဲ့ခြင်း၊ အပြစ်တင် ခြင်း၊ အထင်သေးခြင်းတို့ဖြင့်နေနေကြလျှင် ယခုဘ၀အဘယ်သို့အကျိုးရှိအံ့နည်း။ သံသရာမှာဖြစ်ပေါ်လာမည့် ဆင်းရဲခြင်းအကြောင်းသာလျှင် ဖြစ်နေပေမည်။ ထို့ကြောင့် သူတစ်ပါးတို့ချမ်းသာကြောင်းကိုသာ အစဉ်တွေးတောနေပြီး မိမိ ကိုယ်တိုင်လည်း ချမ်းသာစွာနေနိုင်အောင် ကျင့်ကြံသင့်လှပေသည်။

ဧကာယနောဟူသော တစ်ခုတည်းသော မသေရာလမ်း မဂ္ဂင်ရှစ်ပါးတရားတော် မြတ်ကြီးကို မြတ်ဗုဒ္ဓသည် ဟောကြားတော်မူခဲ့လေပြီ။ ထို့ကြောင့် ယခုလို မဂ္ဂင်ရှစ် ပါးတရားတော်မြတ်ကြီးနှင့် ကြုံကြိုက်နေပါသော်လည်း မကျင့်ကြံမပွားများပဲနေနေ ကြလျှင်ဖြင့် မိမိအတွက် ပေါ်ပေါက်လာသောလမ်းမဟုတ်ပဲ ဖြစ်နေပေမည်။ “ရန်သူဝိုင်းထား၊ ထိုယောက်ျားကား၊ လမ်းပေါက်သာလျက်၊ ပြေးမထွက်၊ လမ်းတွက်မဟုတ်ချေ။” ဆိုသည့် ကျေးဇူးတော်ရှင်မဟာစည်ဆရာတော်ဘုရားကြီး ၏ အဆုံးအမကဲ့သို့ ဖြစ်နေပေမည်။ ထို့ကြောင့် လမ်းသွားချင်းပက်ပင်းကြုံနေတုန်း ငါကြံတာမှအမှန်၊ ငါပြောတာမှ သဘောမိ၊ ငါလုပ်တာမှ အဟုတ်ဟူ၍လည်း အချင်းချင်းအငြင်းပွားမနေကြတော့ဘဲ မိမိ၌ရှိသော ကိလသာတရားတို့ငြိမ်းအောင် မဂ္ဂင်ဖောင်ကြီးအမြန်စီး ခရီးနှင်သင့်လှပေပြီ။

မိမိ၏ ကောင်းမှန်သောကြံစည်မှု၊ ပြောဆိုမှု၊ ပြုကျင့်မှုတို့ဖြင့် အတူနေများဂုဏ်မြင့် အောင် ဆောင်ရွက်သင့်ကြပါသည်။ ထိုသို့ဆောင်ရွက်ခြင်းဖြင့် မိမိ၏ဂုဏ်တို့လည်း မြင့်မားလာမည်ဖြစ်ပြီး ထိုထိုကောင်းမှုတရားတို့ကို ပြန်လည်၍ အောင်းမေ့လိုက် တိုင်းလည်း ပြန်လည်ဝမ်းမြောက်နေရပေမည်။ လူ့ဘ၀ဖြစ်ရ သမုဒ္ဒရာရေတစ်ပွက် မျှသာမို့ ထာဝရချမ်းသာ မသေရာလမ်းကို အမြန်သာလျှောက်လှမ်းကြပါကုန်။

စာဖတ်သူတို့အားလုံး ကိုယ်စိတ်နှစ်ဖြာချမ်းသာခြင်းနှင့် ပြည့်စုံနိုင်ကြပါစေ။


စာရေးသူ - ထွန်းထွန်းလှိုင်(24.10.2007- 7:13 မှာရေးပြီးသည်။)

အမှန်ပြောခြင်း

မြတ်ဗုဒ္ဓဟောကြားတော်မူခဲ့သော မဂ္ဂင်ရှစ်တန်အကျင့်မှန်တရားတော်မှ ယခု အမှန်ပြောခြင်းမဂ္ဂင်တရားတော်ကို ဓမ္မဒါနဖြန့်ဝေလိုက်ပါသည်။ လောက၌ ပြောဆို ကြသော စကားတို့မှာ ခြောက်မျိုးရှိကြကုန်၏။ ထိုသို့ ပြောဆိုကြသော စကား တို့မှာ-
(၁) ဟုတ်လည်းမဟုတ်၊ သူလည်းမနာလို၊ အကျိုးလည်း မရှိသောစကား။
(၂) ဟုတ်တော့ဟုတ်သည်၊ သူတစ်ပါးက မနာလို၊ အကျိုးလည်းမရှိတဲ့စကား။
(၃) ဟုတ်လည်းမဟုတ်၊ အကျိုးလည်းမရှိ၊ သူတစ်ပါး နာလိုသောစကား။
(၄) ဟုတ်တော့ဟုတ်၏၊ သူတစ်ပါးလည်း နာလို၏၊ အကျိုးမရှိသောစကား။

(၅) ဟုတ်လည်းဟုတ်၏၊ အကျိုးလည်းရှိ၏၊ သူတစ်ပါး မနာလိုသောစကား။
(၆) ဟုတ်လည်းဟုတ်သည်၊ အကျိုးလည်းရှိသည်၊ သူတစ်ပါး နာလိုသောစကား။
တို့ ဖြစ်ကြပါသည်။ ထိုသို့ ပြောဆိုကြသော စကားခြောက်ခွန်း၌ ဘုရားရှင်နှင့် သူတော်ကောင်း အရိယာပုဂ္ဂိုလ်တို့သည် နံပါတ် (၅) နှင့် (၆) နှစ်ခွန်းကိုသာ ပြောဆိုကြပါသည်။ စကားခြောက်ခွန်းရှိသော်လည်း နှစ်ခွန်းကိုသာ ပြောဆိုသင့် ကြောင်းကို “စကားခြောက်ခွန်း၊ လူ၌ထွန်း၊ လေးခွန်းကိုပယ်၊ နှစ်ခွန်းတည်။” ဟူ၍ ရှေးပညာရှိတို့ စပ်ဆိုခဲ့ကြပေသည်။

မြတ်စွာဘုရားရှင်သည် “ဟုတ်လည်းဟုတ်သည်၊ အကျိုးလည်းရှိသည်၊ သူတစ်ပါး မနာလိုသောစကား”ကို ပြောဆိုရာ၌ ဇွတ်ပြောဆိုသည်ကား မဟုတ်ပါပေ။ အချိန် ကာလကိုကြည့်၍ ပြောဆို၏။ ဘယ်သို့သောအချိန်လဲဟုဆိုလျှင် လေးဘက် ထောက်သွားသော ထိုင်တတ်စအရွယ် အသိဥာဏ်မရှိသေးသော ကလေးငယ် တစ်ယောက်သည် ကွဲရှနေသော အိုးခြမ်းပဲ့တို့ကို စားစရာအမှတ်ဖြင့် ၀ါးမျိုရန် ပါးစပ်အတွင်းသို့ ထည့်နေရာ၌ ကလေးငယ်၏ ဖခင်သည် ထိုအချင်းအရာကို မြင်၍ ကလေး၏ပါးစပ်အတွင်းမှ အိုးခြမ်းပဲ့တို့ကို အမြန်ဆုံးထုတ်ပေးခြင်းကို ကလေးငယ်သည် သူ၏ စားစရာအမှတ်ထင်ထားသော အရာတို့ကို ဖခင်က ထုတ်ပေးရာ မကြိုက်၍ငိုသော်လည်း ဖခင်က မိမိ၏သားငယ်သည် မနှစ်သက် သောကြောင့် ငိုခြင်းကို ဂရုမမူတော့ပဲ အသက်မသေဘို့သာ အရေးကြီးသည် ဖြစ်သောကြောင့် အချိန်ကာလကိုမလင့်စေပဲ ပြုမူသကဲ့သို့ အနန္တကျေးဇူးရှင် မြတ်စွာဘုရားရှင်ကိုယ်တော်မြတ်ကြီးသည်လည်း သံသရာ၌ ဆင်းရဲဒုက္ခရောက် နေကြသော ပုထုဇဉ်တို့သည် ဆုံးမစကားတို့ကို မကြိုက်မနှစ်သက်သော်လည်း အချိန်ကာလကိုကြည့်တော်မူပြီး ဆုံးမတော်မူခြင်းဖြစ်၏။

“ဟုတ်လည်းဟုတ်သည်၊ အကျိုးလည်းရှိသည်၊ သူတစ်ပါး နာလိုသောစကား” ကိုတော့ မြတ်စွာဘုရားရှင်ကိုယ်တော်မြတ်က သတ္တ၀ါတို့၏စိတ်သည် ဒီအချိန်မှာ ကောင်းသော်လည်း ဟိုအချိန်၌ မကောင်းတတ်ခြင်း၊ မကောင်းမှု၌သာ မွေ့လျော်မှု များခြင်းတို့ကြောင့် သတ္တ၀ါတို့၏စိတ် ကောင်းနေသောအချိန်၌ အချိန်ကာလကို မစိုင်းငန့်ပဲ ဟောကြားတော်မူခြင်းဖြစ်၏။ မှန်ကန်သောသစ္စာတရားတို့ကို သတ္တ၀ါ တို့၏အကျိုးကို လိုလားတော်မူသောကြောင့် လေးအသင်္ချေနှင့် ကမ္ဘာတစ်သိန်း ကာလပတ်လုံး မှန်သောစကားတို့ကိုသာ ဆိုခဲ့တော်မူခြင်း သစ္စာပါရမီတော်မြတ်ကို မဖောက်မပြန် ဖြည့်ကျင့်တော်မူခဲ့ခြင်း ဖြစ်ပေသည်။

သမ္မာဝါစာဖြစ်အောင် ပြောဆိုရာ၌ မှန်ကန်တဲ့စကားဖြစ်လျှင် ပြီးရောဟူ၍ မမှတ်ယူ သင့်ပေ။ မျက်လုံးကန်းနေ၍ အားငယ်နေသော ပုဂ္ဂိုလ်တစ်ယောက်အား ငကန်းဟူ ၍ခေါ်လျှင် သင့်လျော်မည်မဟုတ်ပေ။ တဖန် ယဉ်ကျေးစွာလည်း ပြောဆိုတတ်ရပါ မည်။ ယဉ်ကျေးစွာ ပြောဆိုခြင်းဖြင့် သူတစ်ပါးတို့ နာဝင်ချိုသာသောကြောင့် မိမိ၏ မှန်ကန်ကောင်းမွန်သော အကြံအစည်တို့ အောင်မြင်ပြီးမြောက်မည်ဖြစ်ပါသည်။ ချိုတော့ ချိုသာ၏ ၊ ကောင်းကျိုးဖြစ်အောင် မပြောဆိုပဲ သူတစ်ပါးအား ချိုချိုသာ သာဖြင့် နှိပ်ကွပ်ပြောဆိုတတ်သောစကားမျိုးတို့ကို ရှောင်ကြဉ်ရပေမည်။ ထို့ ကြောင့် ကောင်းကျိုးဖြစ်အောင် ပြောဆိုတတ်ရန်လည်း လိုအပ်ပါသည်။ တချို့သောစကားတို့သည် မိမိပြောဆိုလိုက်သောကြောင့် တစ်ဦးနှင့်တစ်ဦး မညီညွတ်တော့ပဲ ခိုက်ရန်ဖြစ်သွားစေသော စကားမျိုးလည်း ရှိတတ်ပေသည်။ ထိုသို့သော စကားမျိုး မှာ မှန်လည်းမှန်၊ ရိုးလည်းရိုးသား၊ ယဉ်လည်းယဉ်ကျေး သော်လည်း အခြားသူနှစ်ဦးတို့၏ တစ်ဦးအပေါ်တစ်ဦးထားရှိသော မေတ္တာတရား တို့ ပြိုကွဲပျက်စီးစေတတ်သောကြောင့် ရှောင်ကြဉ်သင့်ပေသည်။ ထို့ကြောင့် သူနှစ်ဦးတို့ ညီညွတ်စေသောစကားမျိုး၊ မညီမညွတ်ဖြစ်နေသောသူတို့အား ညီ ညွတ်စေသော၊ အားဖြည့်ပေးသော စကားတို့ကို ပြောဆိုကြရပါမည်။

တဖန်လည်း အချိန်ကာလ၊ ရောက်ရှိနေသော အရပ်ဒေသနှင့် နားထောင်သူတို့၏ အခြေအနေ လက်ခံနိုင်မှုကိုလည်း ကြည့်ပြီး ပြောဆိုတတ်ရပါမည်။ အချိန်မတန် သေးပဲ ပြောဆိုမိလျှင် အမှားကိုလမ်းပြမိတတ်ခြင်း၊ အကျိုးကို ထိရောက်အောင် မဆောင်ရွက်နိုင်တော့ပဲ အခက်အခဲနှင့် ရင်ဆိုင်ရတတ်ခြင်း ဖြစ်တတ်ပေသည်။ အရပ်ဒေသက လက်မခံ နိုင်သောစကားမျိုးကို ပြောဆိုခြင်းဖြင့် တန်ဘိုးရှိသော စကားပင်ဖြစ်သော်လည်း ၀ိုင်းဝန်း၍ ဟားတိုက်ခံရလျှင် “ထောင်တန်တဲ့စကား ရယ်ပေါ့” ဖြစ်တတ်ပေသည်။ ပုဂ္ဂိုလ်ကိုလည်းကြည့်ပြီး ပြောဆိုတတ်မှ သင့်လျော်ပေမည်။ “က၊ ခ” (ကကြီး၊ ခကွေး)ပင် မတတ်သေးသော ကလေးငယ် အား ပရိတ်ကြီးပါဠိကို သင်ပေးနေ၍ မသင့်တော်လှပေ။ မိမိ၏ တတ်စေချင်လှ၊ တော်စေချင်လှသောစေတနာသည် မည်မျှပင်ကြီးမားနေသော်လည်း အမောသာ အဖတ်တင်နေမည် ဖြစ်ပေသည်။

နောက်ဆုံးအနေဖြင့် အရေးအကြီးဆုံးကတော့ လောကကြီးကို တလွဲတချော် ဖြစ်စေမည့်စကားတို့ကို ရှောင်ကြဉ်ရမည်ဖြစ်ပါသည်။ သတ္တ၀ါတို့သည် တစ်သံသ ရာလုံး၌ သညာဝိပလ္လာသ(အမှတ်မှား)၊ ၀ိဇ္ဇာဝိပလ္လာသ(အသိမှား)၊ ဒိဋ္ဌိဝိပလ္လာသ (အယူမှားခြင်း)တို့ဖြင့် ကျင်လည်လာခဲ့ခြင်းကြောင့် ဂင်္ဂါဝါဠု သဲစုမက ပွင့်တော် မူပြီးကြကုန်သော ဘုရားအဆူဆူတို့နှင့် အကြိမ်ကြိမ်လွဲချော်ခဲ့ရခြင်းမှာ ထို အမှား သုံးချက် မလွတ်ခဲ့သောကြောင့်ဖြစ်၏။ ထိုသို့ မှားယွင်းသောစကားမျိုး၊ လွဲချော် သောစကားမျိုးကို ပြောဆိုမိခြင်းကြောင့် တခြားသူတို့ တလွဲမှတ်ယူသွားပြီး လိုက် နာလုပ်ဆောင်နေကြပြီ၊ ကျင့်ကြံနေကြပြီဆိုလျှင် မိမိ၌ ကြီးလေးသောအပြစ်တို့ ကျရောက်လာမည်ဖြစ်သည်။ အမှားတကာ့ အမှားတို့တွင် အယူမှားခြင်းသည် အမှားဆုံးသော မှားခြင်းဖြစ်၏။ ထို့ကြောင့် မိမိကိုယ်တိုင် အယူမှန်အောင် ကျင့်ကြံ ပြီး အယူမှန်စကားတို့ကို ပြောဆိုတတ်မှသာလျှင် တစ်ခြားသူတို့ အမှတ်မှန်၊ အသိ မှန်၊ အယူမှန်ကြမည် ဖြစ်သောကြောင့် သမ္မာဝါစာမဂ္ဂင်ကို ပြည့်ဝစွာ ကျင့်ကြံသွား နိုင်ပြီး နိဗ္ဗာန်သို့ လျှင်မြန်စွာ မျက်မှောက်ပြုနိုင်ကြမည်ဖြစ်သည်ကို ဤဓမ္မ ဆောင်းပါးဖြင့် တိုက်တွန်းနှိုးဆော်လိုက်ရပါသည်။

စာဖတ်သူတို့အားလုံး ကိုယ်ကျန်းမာ၊ စိတ်ချမ်းသာစွာဖြင့် မဂ္ဂင်ဖောင်ကြီးအမြန်စီး ခရီးနှင်နိုင်ကြပါစေ။

စာရေးသူ - ထွန်းထွန်းလှိုင် (12.11.2007 ည 11:32 တွင် ရေးပြီးသည်။)

အမှန်ပြုလုပ်ခြင်း

သမ္မာ- မှန်သော၊ ကမ္မန္တ- ပြုလုပ်ခြင်း ဟု အနက်ရှိ၏။ ထို့ကြောင့် အမှန်မကန် မှားယွင်းသောအလုပ်တို့ကို ရှောင်ကြဉ်ပြီး မှန်ကန်ကောင်းမွန်သောအလုပ်တို့ကို ပြုလုပ်ခြင်းဖြင့် သမ္မာကမ္မန္တမဂ္ဂင်ကို ဖြည့်ကျင့်ကြရပါမည်။ မှန်ကန်သောပြုလုပ်ခြင်း တို့မှာ-
(၁) သူတစ်ပါးတို့၏အသက်ကို သတ်ခြင်းမှ ရှောင်ကြဉ်ခြင်း၊
(၂) သူတစ်ပါးတို့၏ဥစ္စာတို့ကို ခိုးခြင်းမှ ရှောင်ကြဉ်ခြင်း၊
(၃) ကာမဂုဏ်တရားတို့ကို ဖောက်ပြန်မှားယွင်းစွာ ကျင့်ကြံခြင်းမှ ရှောင်ကြဉ်ခြင်း


ဟူသောအလုပ်တို့သည် မှန်ကန်ကောင်းမွန်သောအလုပ်တို့ဖြစ်ကြပါသည်။ ထိုသို့ ရှောင်ကြဉ်ခြင်းနှင့်အတူ သူ့အသက်ကို ကယ်ဆယ်ခြင်း၊ သူ့ဥစ္စာကို စောင့်ရှောက် ခြင်း၊ ကာမဂုဏ်တရားတို့ကို မှားယွင်းစွာကျင့်ကြံနေသူတို့အား လမ်းမှန်သို့ရောက် အောင် အမြင်မှန်ပေးခြင်း၊ စောင့်ရှောက်ခြင်း စသည်တို့ကိုလည်း မိမိ၏တတ်စွမ်း သမျှသော ၀ီရိယ၊ ပညာတရားတို့ဖြင့် သူတစ်ပါးတို့အတွက် ခွဲဝေဖြန့်ထုတ် ပြုလုပ် ကြရမည်ဖြစ်၏။

သူတစ်ပါးတို့၏အသက်ကို သတ်ဖြတ်ညှင်းဆဲခြင်းမှ ရှောင်ကြဉ်ခြင်းသီလတရား သည် ဂင်္ဂါဝါဠုသဲစုမက ပွင့်တော်မူပြီးသော မြတ်ဗုဒ္ဓတိုင်း၏ ရဟန်းတော်တို့အား ဟောကြားလေ့ရှိသည့် သြ၀ါဒပါတိမောက္ခဒေသနာမှ ပထမဂါထာတော် အဆုံးအမ ဖြစ်ပါသည်။ ရဟန်းတော်တို့အား ဆုံးမတော်မူသော်လည်း လူသားတိုင်း လိုက်နာ သင့်သော အဆုံးအမတရားဖြစ်ပါသည်။ ၎င်းမှာ-

"ခန္တီ ပရမံ တပေါ တိတိက္ခာ ၊
နိဗ္ဗာနံ ပရမံ ၀ဒန္တိ ဗုဒ္ဓါ။
နဟိ ပဗ္ဗဇိတော ပရူပဃာတီ ၊
န သမဏော ဟောတိ ပရံ ၀ိဟေဋ္ဌယန္တော။" ဟူ၍ဖြစ်၏။

ထိုဂါထာမှ အောက်ဆုံးစာကြောင်းနှစ်ကြောင်း၏ အဓိပ္ပာယ်မှာ-
“ပရူပဃာတီ- တစ်ပါးသောသတ္တ၀ါကို သတ်ဖြတ်လေ့ရှိသူသည်၊ ပဗ္ဗဇိတော- ရဟန်းသူမြတ်သည်၊ နဟောတိ- မဖြစ်နိုင်ပေ။ ပရံ- သူတစ်ပါးကို၊ ၀ိဟေဋ္ဌယန္တော- ညှင်းဆဲနှိပ်စက်သောသူသည်၊ သမဏော- ကိလေသာခပ်သိမ်း ငြိမ်းအေးစေတတ် ရဟန်းသူမြတ်သည်၊ နဟောတိ- မဖြစ်နိုင်ပေ။” ဤသို့ ဘုရားရှင်တိုင်း ဆုံးမ တော်မူသော သူတစ်ပါးအား သတ်ဖြတ်ခြင်းအမှုကို ရှောင်ကြဉ်ခြင်းသည် မှန်ကန်ကောင်းမွန်သောအလုပ်ကိုပြုလုပ်ခြင်း သမ္မာကမ္မန္တမဂ္ဂင်ကို ဖြည့်ကျင့်ခြင်း ပင်ဖြစ်ပါသည်။

အတိတ်၌ သူတစ်ပါးစည်းစိမ်ဥစ္စာတို့ကို ခိုးယူခဲ့ခြင်း မမှန်ကန်သောအမှုကို ပြုလုပ် ခဲ့သူတို့သည် ယခု၌ ငတ်မွတ် ခေါင်းပါးမှုဆင်းရဲနှင့် တွေ့ကြုံကြရ၏။ သူတစ်ပါးတို့၌ လွန်စွာပေါကြွယ်ငြားသော်လည်း မိမိ၌ ရှားပါးလာဘ်တိတ်နေခြင်းမှာ ထိုမကောင်း သောခိုးဝှက်မှု ပြုလုပ်မိခဲ့ခြင်းကြောင့်ပင်ဖြစ်၏။ တဖန် ပေါကြွယ်ဝစွာ ရှိငြားသော် လည်း ဥစ္စာပစ္စည်းတို့သည် ရေ၊ မီး၊ မင်းဆိုး၊ ခိုးသူ၊ အမွေခံသားဆိုး သမီးဆိုး စသည့် ရန်သူမျိုးငါးပါးတို့ကြောင့် ပျက်ဆီးဆုံးရှုံးသွားကြရပြန်၏။ ထိုသို့သော ဆိုးကျိုးအပြစ်တို့အား သံဝေဂယူပြီး သူတစ်ပါးဥစ္စာကို ခိုးယူခြင်းမှ ရှောင်ကြဉ်သင့် ပေသည်။ သူ့ဥစ္စာခိုးခြင်းမှ ရှောင်ကြဉ်ခြင်း၊ သူ့ဥစ္စာတို့ မပျက်ဆီး မဆုံးရှုံးအောင် တတ်စွမ်းသမျှ စောင့်ရှောင်ပေးခြင်းဖြင့် သမ္မာကမ္မန္တမဂ္ဂင်ကို ဖြည့်ကျင့်ရာ၏။

အဆင်း၊ အသံ၊ အနံ့၊ အရသာ၊ အထိအတွေ့စသော ကာမဂုဏ်တရားတို့ကို မှားယွင်းစွာမှီဝဲခြင်းဖြင့် သတ္တ၀ါတို့သည် သံသရာ၌ အဖန်ဖန်ကျင်လည်ကြရ၏။ အန္ဓပုထုဇဉ်တို့သည် ကာမဂုဏ်တရားတို့ကို အ၀ိဇ္ဇာ(မသိမှု) ဦးစီး၍ တဏှာ (လို ချင်မှု)ဖြင့် သုံးဆောင်ကြ၏။ ငါ၊ ငါ့ဥစ္စာဟူသော ဒိဋ္ဌိဖြင့်လည်း ကပ်ငြိတွယ်တာ ကြကုန်၏။ ကုသိုလ်အကျိုးပေးကြောင့် ရရှိလာသော ပိုင်ဆိုင်မှု၊ အောင်မြင်မှု၊ ကျော်ကြားမှုစသည်တို့ကို ဒုက္ခသစ္စာဟူ၍ အမှန်မမြင်နိုင်ပဲ ထောင်လွှားတက်ကြွ မာန်မာနရှိနေကြပြန်၏။ ဤသို့သော ကိလေသာတို့ဖြင့် ကာမဂုဏ်တို့ကို ဖောက် ပြန်မှားယွင်းစွာ ကျင့်ကြံနေကြခြင်းကြောင့် သံသရာမှ ရုံးမထွက်နိုင်ပဲ အဖန်ဖန် ကျင်လည်နေကြရခြင်းဖြစ်ပေသည်။

ကာမဂုဏ်တို့အပေါ်၌ မှားယွင်းစွာ မသုံးဆောင်မိအောင် အမှန်မြင်ခြင်း(သမ္မာဒိဋ္ဌိ) ရှိကြရပါမည်။ ဖလသမ္မာဒိဋ္ဌိမရသေးသော ပုထုဇဉ်ပုဂ္ဂိုလ်တို့သည် ကာမဂုဏ်တို့ကို ကမ္မသကတာသမ္မာဒိဋ္ဌိမှ အစပြု၍ ၀ိပဿနာသမ္မာဒိဋ္ဌိတို့ဖြင့် မှန်ကန်စွာသုံးဆောင် နိုင်အောင် ကျင်ကြံကြိုးကုတ် အားထုတ်ရာ၏။ သို့မှသာ ကာမဂုဏ်တို့အပေါ်၌ မှားယွင်းစွာကျင့်ကြံခြင်း မကောင်းသောပြုလုပ်မှုတို့ကို ရှောင်ကြဉ်နိုင်မည်ဖြစ်ပါ သည်။ အမြင်မှန်သမ္မာဒိဋ္ဌိဖြင့် ကာမဂုဏ်တို့ကို သုံးဆောင်ခြင်းသည် ၎င်းကို မှားယွင်းစွာ ကျင့်ကြံခြင်းမှ ရှောင်ကြဉ်နေသည်ဖြစ်ခြင်းကြောင့် မှန်သောပြုလုပ် ခြင်း (သမ္မာကမ္မန္တမဂ္ဂင်) အကျင့်မြတ်ကို ဖြည့်ကျင့်နေခြင်းပင်ဖြစ်၏်။ ဤသို့ စဉ်ဆက်မပြတ် ဖြည့်ကျင့်ခြင်းဖြင့် ဒုက္ခအပေါင်းရပ်၍ မသေဓာတ်တရားသည် လျှင်မြန်စွာ ဆိုက်ရောက်လာမည်ဖြစ်သည်ကို ဤဓမ္မဆောင်းပါးဖြင့် တိုက်တွန်းနှိုး ဆော်လိုက်ရပါသည်။

စာဖတ်သူတို့အားလုံး ကိုယ်စိတ်နှစ်ဖြာ ချမ်းသာခြင်းနှင့်အတူ အမှန်ပြုလုပ်ခြင်း မဂ္ဂင်ကို အမြန်ဆုံးအားထုတ်နိုင်ကြပါေ၏။

စာရေးသူ - ထွန်းထွန်းလှိုင် (22.11.2007 – 6:37 တွင် ရေးပြီးသည်။)

အမှန်အသက်မွေးခြင်း

သမ္မာအာဇီဝ (သမ္မာ- မှန်ကန်သော၊ အာဇီဝ- အသက်မွေးခြင်း) ဟု အနက်ရှိ၏။ ထို့ကြောင့် မမှန်မကန် ဖောက်ပြန်မှားယွင်းသော အသက်မွေးဝမ်းကြောင်းတို့ကို ရှောင်ကြဉ်ရမည်ဖြစ်ပါ သည်။ ဓမ္မတို့သည် စိတ်လျှင် ရှေ့သွားရှိသည်ဖြစ်၍၊ စိတ် လျှင် အကောင်အထည်ရှိသည်ဖြစ်၍၊ စိတ်လျှင် အကြီးအမှူးရှိသည်ဖြစ်၍ မကောင်းသောစိတ် ရှေ့သွားဖြင့် အသက်မွေးဝမ်းကြောင်း မှန်သမျှကို ရှောင်ကြဉ်ပြီး မျှတစွာအသက်မွေးခြင်းဖြင့် သမ္မာအာဇီဝမဂ္ဂင်ကို ဖြည့်ကျင့်ကြရ မည်ဖြစ်၏။မိမိ၏ အကျိုးစီးပွားအတွက် သူတစ်ပါးတို့၏ အကျိုးစီးပွားတို့အား ယုတ်စေသော အသက်မွေး ၀မ်းကြောင်းတို့ဖြင့် အသက်မမွေးသင့်ပေ။ လောက၌ ကိုယ်ပိုင် ဥစ္စာပစ္စည်းဟူသည် အရှိပေ။ သို့သော် မိမိပြုလုပ်ထားသော ကံတရားတို့ကို ကိုယ် ပိုင်ဟူ၍ မှတ်ယူရပေမည်။ ထိုသို့ မှတ်ယူရာ ၌လည်း ဒိဋ္ဌိဖြင့် မှတ်ယူခြင်းကို မဆိုလို။ ပညာဖြင့် မှတ်ယူခြင်းကိုသာ ဆိုလိုခြင်းဖြစ်ပေသည်။ မိမိပြုလုပ်သော ကံတရားတို့သည် အရိပ်ကဲ့သို့ အစဉ်တစိုက် လိုက်နေသောကြောင့် ဒီဘ၀ ချမ်းချမ်းသာသာနေရ ပြီးရောဟူ၍ မိစ္ဆာအာဇီဝ (မှားယွင်းသော အသက်မွေးခြင်း) ဖြင့် ဒီဘ၀ တစ်နပ်စာအတွက်သာကြည့်ပြီး ဆင်ခြင်ဥာဏ် ကင်းမဲ့နေကြလျှင်ဖြင့် သံသရာဆင်းရဲ အခါခါ နွှဲနေကြရမည်ဖြစ်၏။စီးပွားဥစ္စာရှာကြရာ၌ ကာမဂုဏ်တရားတို့ကို မပယ်ရသေးသော အရိယာတို့သည်ပင် ရှာကြပါ သည်။ သို့သော် အရိယာသူတော်ကောင်းတို့သည် မိစ္ဆာအာဇီဝတို့ဖြင့်ကား စီးပွားမရှာတော့ပေ။ အရိယာသူတော်စင်များ ရှောင်ကြဉ်ကြသော၊ မြတ်ဗုဒ္ဓလည်း တားမြစ်တော်မူထားသော လူးသား အားလုံး ရှောင်ကြဉ်ကြရမည့် မိစ္ဆာအာဇီဝငါးမျိုးတို့မှာ-
(၁) သတ္တ၀ါတို့ သေစေနိုင်သော အဆိပ်များကို ကုန်ကူးခြင်း၊
(၂) သတ္တ၀ါတို့ သေစေနိုင်သော လက်နက်များကို ကုန်ကူးခြင်း၊
(၃) သတ္တ၀ါတို့အား မေ့လျော်ရန်အကြောင်းဖြစ်သော မူးယစ်စေသည့်ပစ္စည်းများ၊
သေရည်သေရက်များကို ကုန်ကူးခြင်း၊
(၄) သားငါးများကို ကုန်ကူးခြင်း၊
(၅) ကျွန်အဖြစ်၊ ပြည့်တန်ဆာအဖြစ် အသုံးပြုရန် လူများကို ကုန်ကူးခြင်း
တို့ဖြစ်ပါ သည်။
ထို ငါးမျိုးသော အသက်မွေးဝမ်းကြောင်းတို့ဖြင့် အသက်မွေးမြူခြင်းသည် မှားယွင်း၏။ ယုတ်ညံ့ ၏။ မိမိတို့၏ဘ၀ကို မွန်မြတ်တောက်ပြောင်ချင်လျှင် ထိုမိစ္ဆာအာဇီဝ ငါးမျိုးကို ရှောင်ကြဉ်ရပါမည်။ ထိုသို့ စီးပွားရှာပြီး စီးပွားပြည့်စုံစွာဖြင့် နေရငြား သော်လည်း ဘ၀ကား ညစ်နွမ်းနေ၏။ ယခုတင်မက နောင်၌လည်း အပါယ်ငရဲ၌ ဆင်းရဲကြီးစွာ ခံစားကြရပေဦးမည်။ ထို့ကြောင့် သတိကြီးစွာဖြင့် “ကံ ကံ၏အကျိုး” ကို ဆင်ခြင်သင့်လှပေသည်။
မိစ္ဆာအာဇီဝငါးမျိုးဖြင့် စီးပွားရှာပြီး ယခုဘ၀ချမ်းသာကောင်း ချမ်းသာနိုင်ပါသည်။ သို့သော် ၎င်းဖြင့် ချမ်းသာသည်ကား မဟုတ်ပေ။ ရှေး၌ ပြုလုပ်ခဲ့သော ကုသိုလ်တရားတို့၏ အကျိုးပေး သာဖြစ်ပါသည်။ ကံအကျိုးပေးရာ၌ လေးမျိုးဖြင့် အကျိုးပေး ခွင့်ရှိ၏။ ၎င်းတို့မှာ-
(၁) ဂရုကကံ = ကြီးလေးစွာ ပြုလုပ်ထားသောကံက အခြားကံတို့ကို အကျိုး ပေးခွင့်မပြုပဲ ၎င်းကံ ကသာ သေချာပေါက် အကျိုးပေးသောကံ၊
(၂) အာသန္နကံ = သေခါနီး၌ ပြုလုပ်သောကံက အကျိုးပေးသောကံ၊
(၃) အာစိဏ္ဏကံ = အမြဲပုံမှန် ပြုလုပ်သောကံက အကျိုးပေးသောကံ၊
(၄) ကဋတ္တာကံ = ရှေး၌ပြုသောကံတို့က နောင်တတိယဘ၀မှ အစပြု၍ နိဗ္ဗာန် မရမချင်း အခွင့် သာတိုင်း အကျိုးပေးသောက
ံ ဟူ၍ ကံအကျိုးပေးပုံ လေးမျိုးရှိကြ ၏။ မိစ္ဆာအာဇီဝဖြင့် စီးပွားရှာပြီး ချမ်းသာခြင်းမှာ အစိဏ္ဏကံက အကျိုးမပေးသေးပဲ ကဋတ္တာကံက အကျိုးပေးခြင်းသဘောကို လည်း မှန်ကန်စွာနားလည်ထားရပေ မည်။
ထိုသို့ ကံအကျိုးပေးပုံလေးမျိုးကို နားလည်ကြပြီး ကောင်းတာလုပ်လျှင် ကောင်းကျိုး၊ မကောင်း တာလုပ်လျှင် မကောင်းကျိုးပေးခြင်းကို သက်ဝင်ယုံကြည်သော ကမ္မသက္ကတာသမ္မာဒိဋ္ဌိနှင့် ပြည့်စုံသည်ဖြစ်၍ မိစ္ဆာအာဇီဝငါးမျိုးကို ရှောင်ကြဉ်ကာ သမ္မာအာဇိဝမဂ္ဂင်တရားတော်မြတ်ကို ဖြည့်ကျင့်နိုင်ကြပါစေ။စာဖတ်သူတို့အားလုံး ကိုယ်ကျန်းမာ၊ စိတ်ချမ်းသာပြီး မှန်ကန်ကောင်းမွန်စွာ အသက်မွေးနိုင် ကြပါစေ။

စာရေးသူ - ထွန်းထွန်းလှိုင် (20.12.2007) တွင် ရေးသားပြီးသည်။

အမှန်အားထုတ်ခြင်း

သမ္မာဝါယာမ (သမ္မာ- မှန်ကန်သော၊ ၀ါယာမ- အားထုတ်ခြင်း) ဟု အနက်ရှိ၏။ ထို့ကြောင့် မမှန် ကန်သော၊ မှားယွင်းသောအားထုတ်ခြင်း ၀ီရိယကို ပယ်သတ်ရ မည်ဖြစ်၏။ မှားယွင်းသော ၀ီရိယ ကို အားထုတ်ရာ၌ ၀ီရိယ အားကြီးသူ ဆင်းရဲပြီး ၀ီရိယအားနည်းသူ ချမ်းသာ၏။ မှန်ကန်သော ၀ီရိယကို အားထုတ်ရာ၌ ၀ီရိယ အားကြီးသူ ချမ်းသာပြီး ၀ီရိယအားနည်းသူ ဆင်းရဲ၏။ ထို့ကြောင့် မိမိအားထုတ် နေသောဝီရိယသည် မှန်သောအားခြင်းလော၊ မှားယွင်းသောအားထုတ်ခြင်းလော ဥာဏ်ဖြင့်ဆင်ခြင်သုံးသပ်ရမည်ဖြစ်၏။ဆင်းရဲခြင်းကို လူတိုင်း မလိုလားကြသော်လည်း အားထုတ်နေသည်မှာ ဆင်းရဲကြောင်းဝီရိယ သာ ဖြစ်နေတတ်ကြပေသည်။ ပုဂံသို့ ရောက်ချင်သော်လည်း ပုဂံကို ကျောခိုင်းပြီး ပြေးနေသူနှင့် တူနေပေသည်။ ထို့ကြောင့် မှန်ကန်သောဝီရိယတို့ကို သိပြီး လိုက်နာကျင့်ကြံမှ ချမ်းသာခြင်းကို မလွဲမသွေရကြပေမည်။ တရားကို ကျင့် ကြံဘို့ တရားကို အရင်ဆုံးဆောင်ထားဘို့လိုအပ်၏။ သဘောပေါက်ဘို့လည်း လိုအပ်၏်။ ထို့ကြောင့် မှန်ကန်သောဝီရိယအားထုတ်ခြင်းသဘောကို ရှင်းလင်းစွာ နားလည်ပြီး အချိန်တိုင်းအားထုတ်သွားကြရပေမည်။
မှန်သောအားထုတ်ခြင်းတို့မှာ သမ္မပ္ပဓာန်လေးပါးတရားတို့ပင် ဖြစ်၏။။ ၎င်းတို့ မှာ-
(၁) မဖြစ်သေးသော ဒုစရိုက်တရားတို့ကို မဖြစ်ပေါ်လာစေရန် အားထုတ်ခြင်း၊
(၂) ဖြစ်ပြီးကုန်သော ဒုစရိုက်တရားတို့ကို ပယ်ဖျက်ခြင်းငှာ အားထုတ်ခြင်း၊
(၃) မပြုရသေးသော ကုသိုလ်တရားတို့ကို ဖြစ်ပေါ်လာစေရန် အားထုတ်ခြင်း၊
(၄) ပြုပြီး ပြုဆဲ ဖြစ်ကုန်သော ဒါန၊ သီလ၊ ဘာဝနာအစရှိသော ကုသိုလ်တရား တို့ကို အဆင့် ဆင့် တိုးပွားစေခြင်းငှာ အားထုတ်ခြင်း တို့ဖြစ်ကြပေသည်။
အတိတ်၌ ဒုစရိုက်တရားတို့ကို ပြုလုပ်မိခဲ့လေခြင်း၊ ကုသိုလ်တရားတို့ကို မပြုလုပ်မိခဲ့လေခြင်း ဟူ၍ ပူလောင်နေသောသဘောသည် ကုက္ကစ္စကိလေသာတရားပင်ဖြစ်၏။ ထိုသို့ ပူလောင် နေခြင်းဖြင့် မိမိ၌ ဘာအကျိုးမှမဖြစ်ပဲ အကုသိုလ်တရားတို့သာ လျှင် ထပ်မံ၍တိုးလို့နေပေသည်။ ဖြစ်မလာသေးသော ဒုစရိုက်တရားတို့ကို ကြိုတင်တွေးတော ပူလောင်နေခြင်းသည်လည်း အကုသိုလ်တရားပင်ဖြစ်၏်။ ထို့ကြောင့် ဖြစ်မလာသေးသော ဒုစရိုက်တရားတို့ကို ကြိုတင် တွေးတောမနေပဲ ကြုံတွေ့လာလျှင် မြွေပွေးရှောင်သကဲ့သို့ရှောင်ပြီး ဖြစ်ပြီးကုန်သော ဒုစရိုက် တရားတို့ကိုလည်း နောက်ထပ်မဖြစ်အောင်သာလျှင် အားထုတ်ခြင်း သမ္မာဝီရိယကို ဖြည့်ကျင့် ကြရပါမည်။“ကုသလံ အန၀ဇ္ဖသုခ ၀ိပါကလက္ခဏံ”- ကုသိုလ်တရားသည် အပြစ်ကင်းပြီး ချမ်းသာသော အကျိုးကိုပေးသော လက္ခဏာဖြစ်၏။ ထို့ကြောင့် ချမ်းသာကို အလိုရှိ သောပုဂ္ဂိုလ်သည် ကုသိုလ် တရားကို အလိုရှိသူဖြစ်ရပါမည်။ ထိုသို့ ချမ်းသာခြင်း ကို ပေးတတ်သော ကုသိုလ်တရားတို့၌ ယခုလို ဘုရားရှင်ကိုယ်တော်မြတ်ကြီး၏ သာသနာတော်နှင့် တွေ့ကြုံနေခိုက်တွင် မဂ်ချမ်းသာ ဖိုလ်ချမ်းသာရအောင် ကြိုးစားအားထုတ်မှသာလျှင် သာသနာတော်နှင့် တွေ့ကြုံရကျိုး၊ လူဖြစ်ရကျိုး နပ်ပေမည်။
အတိတ်က အ၀ိဇ္ဇာ၊ တဏှာတည်းဟူသော အကြောင်းတရားတို့ကြောင့် ယခု၌ ဒုက္ခသစ္စာကို ရရှိနေကြပေသည်။ ဤသို့ဖြင့် ပုထုဇဉ်အဖြစ် ကျင်လည်နေရသော သံသရာသည် ကြာ ညောင်းခဲ့လေပြီ။ ဒုက္ခဆင်းရဲတို့နှင့် ပြည့်နှက်နေပြီး အသွင် အမျိုးမျိုးဖြင့် အကြိမ်ကြိမ် သေခဲ့ရ လေပြီ။ အ၀ိဇ္ဇာမျက်နှာဖုံးဖြင့် ချမ်းသာတု ချမ်းသာယောင်တို့ကိုလည်း ချမ်းသာအစစ်ထင်မှတ်ပြီး တခုံမင်မင်ဖြင့် ပုံတင်ကာ ခံစားခဲ့ပေပြီ။ ထို့ကြောင့် ပုထုဇဉ် အမိုက်ဇာတ် ဒီဘ၀ အပြီးသတ်မှ တော်ပေမည်။ပုထုဇဉ်တို့ မခံစားဘူးသေးသော ချမ်းသာမှာ မဂ်ဖိုလ်ချမ်းသာသာ ကျန်တော့၏။ ထို့ကြောင့် ရှိထားပြီးသော ကုသိုလ်တရား တို့ကိုလည်း ပြုလုပ်နေကျအတိုင်း ထိန်းထားပြီး မိမိ၌ မဖြစ် ပေါ်သေးသော ကုသိုလ်တရားများဖြစ်ကြသည့် သောတာ ပတ္တိမဂ်ဖိုလ်မှ အစပြု၍ အရဟတ္တ မဂ်ဖိုလ်သို့တိုင် ရရှိခံစားနိုင်အောင် သမ္မာဝီရိယကို ကျင့်ကြံကြိုးစားအားထုတ်ကြပါကုန်။

စာဖတ်သူတို့အားလုံး ကိုယ်ကျန်းမာ စိတ်ချမ်းသာစွာဖြင့် မှန်ကန်သော လမ်းကြောင်းပေါ်၌ မှန်ကန်သောဝီရိယကို ပွားများအားထုတ်နိုင်ကြပါစေ။

စာရေးသူ -ထွန်းထွန်းလှိုင် (24.12.2007) တွင် ရေးသားပြီးသည်။

အမှန်သတိရှိခြင်း

သမ္မာ- မှန်သော၊ သတိ- အမှတ်ရခြင်း၊ သတိရှိခြင်းဟု အနက်ရှိ၏။ အကုသိုလ်နှင့် ယှဉ်သော တရားတို့အပေါ်၌ အမှတ်ရခြင်း၊ သတိဖြစ်နေခြင်းမှာ မှားသောသတိဖြစ်၏။ ကုသိုလ်တရား၊ နိဗ္ဗာန်ရောက်ကြောင်းတရားကို အမှတ်ရခြင်းမှာ မှန်သောသတိဖြစ်၏။ သတိသည် အလုံးစုံသော တရားတို့၏ အချုပ်လည်းဖြစ်၏။ ကုသိုယ်တရားတို့၌ အမြဲမွေ့လျော်နိုင်ရန် သတိတရားသည် လွန်စွာအရေးကြီးလှပေသည်။

မြတ်ဗုဒ္ဓသည် ပရိနိဗ္ဗာန် ပြုတော်မူခါနီးမှာပင် သတိတရားရှိနှင့်ဘို့ အရေးအကြီးဆုံး မှာကြားတော် မူခဲ့၏။ ၎င်းမှာ “ငါ၏ ချစ်သား၊ ချစ်သမီးတို့… ယခုအချိန်၌ သင်တို့အား ငါဘုရား မှားကြားတော်မူ ခဲ့မည်။ ရုပ်နာမ်ဓမ္မ သင်္ခါရတရားတို့သည် ပျက်ဆီးခြင်းသဘော ရှိကြကုန်၏။ သင်တို့သည် မမေ့လျော့သော ကောင်းသောသတိတရားနှင့် ပြည့်စုံ၍ နေရစ်ကြကုန်လော့” ဟူ၍ဖြစ်၏။ ဤမျှ အရေးတကြီး မှာကြားတော်မူခဲ့သော သတိတရားကို မြဲစွာလက်ကိုင်ထားရမည်ဖြစ်၏။ ရခဲလှ သော လူ့ဘ၀၊ ကြားနာခဲလှသော သူတော်ကောင်းတရား၊ တွေ့ကြုံခဲလှသော ဗုဒ္ဓသာသနာ၊ ပြည့်စုံခဲလှသော သဒ္ဓါတရား၊ ဖြစ်ခွင့်ရခဲလှသော ရဟန်းဘ၀ ဟူ၍ ရခဲလှခြင်း ဒုလ္လဘတရားငါးပါး နှင့် ကြုံကြိုက်နေပါလျက် မေ့လျော့ပေါ့ဆ မနေသင့်လှပေ။ သေရေးကို မဆင်ခြင် နေရေးသာ ပြင်ဆင်၍ ဇရာယဉ် အလျှင်စီးလို့ သတိတရား မေ့နေလျှင်ဖြင် လူ့ဘ၀ အဖြစ်ရှုံး အပါယ်မှာ စုန်းစုန်းမြုပ်ရပေရပေလိမ့်မည်။ ထို့ကြောင့် သတိသမ္ပဇဉ် အစဉ်မှီး၍ မဂ္ဂင်ယဉ် အမြန်စီးသင့်လှ ပေသည်။

ကျေးဇူးတော်ရှင်လယ်တီဆရာတော်ဘုရားကြီး၏ သတိဖော်ပြ ဆုံးမစာဖြစ်သည့်-
ငါးအာရုံအင်အစု၊ ခင်မှုနဲ့နေ့ကုန်၊
နင်ယခုမေ့ပုံလို၊ တွေ့မကြုံစခန်း။
ပါယ်လေးဝ သောကဘုံမှာ၊
မျောရရုံ ရှိတော့ခမန်း။
အောက်ဝီစိ သေခင်းအငူမှာ၊
ခေါင်းမပြူစတမ်း၊
နှစ်အရှည် နစ်မည်လမ်းကိုလ၊
နင်မျှော်စမ်း နင့်ကိုယ်။
ဒေသနာထင်အလင်းရယ်နှင့်၊
နင့်အဖျင့် ပိုထက်သာပို။
သည်လောဘ စရိုက်အိုကို၊
မလိုက်လို ရှောင်ပစ်လို့၊
နောင်အသစ် တကယ်ပြင်လျှင်၊
ကောင်းဘို့အစဉ်။ခွင့်သာခိုက်မှ မလိုက်ချင်လျှင်၊
အမိုက်နှင့်ပြင် ရှိသေးလေလိမ့်လား။
ခွင့်သာဆဲမှ မခဲချင်လျှင်
အလွဲနှင့်ပြင် ရှိသေးလေလိမ့်လား။
ခွင့်သာတုန်းကမှ မလိုက်ချင်လျှင်၊
အရှုံးနှင့်ပြင် ရှိသေးလေလိမ့်လား။
- ဟူသည့် သတိပေးသည့်အတိုင်း ကာမဂုဏ်ငါးပါးဖြင့်သာ အချိန် ကို မကုန်လင့်စေပဲ ကုသိုလ်အဟုန် အရှိန်ကုန် မြှင့်စေသင့်ပေသည်။

ထို့ကြောင့် သမ္မာသတိ မြဲစွာရှိ၍ ပညာဖြင့် မှန်စွာသိသင့်လှ၏။ သတိ၏ လက္ခဏာများမှာ-
(၁) စိတ်ကို အာရုံ၌ ခိုင်ခံ့စေသောသဘော၊ တည်တံ့စေသောသဘော၊
(၂) တွေတွေဝေေ၀ မှိုင်မှိုင်ငေးငေး မရှိခြင်းသဘော၊
(၃) စိတ်ကို ကောင်းစွာ ထိန်းသိမ်းနိုင်သောသဘော၊
(၄) သညာတွေကို မြဲမြံတည်တံ့စွာ ထားနိုင်သောသဘော ဟူ၍ရှိ၏။ တဖန် သတိ၏ လက္ခဏာ များမှာ-
(၁) ကာယကံ၊ ၀စီကံ၊ မနောကံဒုစရိုက်တွေကို ထိန်းသောအနေဖြင့် စောင့်ကြည့်သည့်သဘော၊
(၂) နိုင်နိုင်ကြီးကြည့်ပြီး တစ်နေရာတည်းမှာ ရှိနေအောင် ချည်ထားနိုင်သောသဘော၊
(၃) ငုပ်လျှိုးနေသောအရာတွေကို ဖော်ထုတ်သောသဘော လက္ခဏာများ ရှိပေသည်။ ထွက် လေ ၀င်လေကို မှတ်ခြင်းသည် သတိတရား၊ ထွက်လေ ၀င်လေအပေါ်၌ မြဲနေအောင် တည်ခြင်း သည်လည်း သတိတရား၊ ထွက်လေ ၀င်လေပေါ်မှာ ဓာတ်လေးပါးတွဲနေတာ ဖော်ထုတ်ပေးခြင်း သည် သတိတရားပင် ဖြစ်ပေသည်။ ထိုသို့ သတိသည် အသေးစိတ် ခွဲခြမ်းစိတ်ဖြာတတ်သော သဘောရှိသည်ဖြစ်၍ ‘သတိမမူ ဂူမမြင်၊ သတိမူမှ မြူမြင်ရ’ ဆိုသကဲ့သို့ ဖြစ်ပေသည်။

‘သတိဝေး ကလေးဖြစ်တော့သည်။ အဆင်း၊ အသံ၊ အနံ့၊ အရသာ၊ အထိအတွေ့စသော ကာမဂုဏ်တရားတို့ ခံစားရာ၌ သတိမပါသူ၏ အာရုံခံစားမှုသည် မျက်မမြင် ထမင်းစားရာ မစားသင့်သည်များကိုလည်း မမြင်တော့သည့်ပမာဖြစ်၏။ သတိသည် အသိကိုကြိုးကိုင်နေသော မိဘအရာဝင် ဖြစ်ချေ၏။’ ဟူသည့် ကျေးဇူးတော်ရှင်မဟာဗောဓိမြိုင်ဆရာတော်ဘုရားကြီး၏ သတိပေး ဆုံးမစာမှာလည်း လွန်စွာမှတ်သားဖွယ် ကောင်းလှပေသည်။

သမ္မာသတိသည် နိဗ္ဗာန်တံခါးကို ဖွင့်ပေးသည့် သော့နှင့်တူပေသည်။ သတိမပါ ဆားမပါဟင်း စားရသလိုဖြစ်၏။ ကြံသမျှ သတိမပါ၊ ပြောသမျှ သတိကွာ၊ ပြုသမျှ သတိဟာနေသူသည် ရှင်လျက် သေသောသူ၊ သေခါနီးကျ သောကပူ၊ တမလွန်ဘ၀ ဒုက္ခထူ၊ နိဗ္ဗာန်ကို ကျောခိုင်းသူ ပင် ဖြစ်တော့၏။ ထို့ကြောင့် သတိတရားလက်ကိုင်ထားဘို့ အရေးကြီးပေသည်။ မိမိ၌ သတိရှိဘို့ အကျင့်လေးပါး ရှိထားဘို့ လိုအပ်၏်။ သတိဖြစ်ချင်သူသည်-
(၁) သတိဖြစ်သူနှင့်ပေါင်းခြင်း၊
(၂) သတိဖြစ်စေသော တရားဓမ္မတို့ကို နာကြားခြင်း၊
(၃) သတိဖြစ်အောင်လုပ်ခြင်း
(၄) အရေးအကြီးဆုံးကတော့ သတိဖြစ်ချင်တဲ့စိတ် ရှိရမည် ဖြစ်ပါသည်။

‘နိဗ္ဗာန်အရေး၊ မျှော်ထောက်တွေး၍၊ နေရေးမခင်၊ သေရေးပြင်လော့၊ ဆင်ခြင်သတိ၊ မြဲစွာရှိမှ၊ ဗုဒ္ဓ ခေတ်မြတ်၊ တွေ့ကျိုးနပ်မည်၊ မလပ်သတိ ရှိပါစေ။’

စာရေးသူ - ထွန်းထွန်းလှိုင် (11.01.2008) ရက်နေ့၊ နံနက် (6 : 09) တွင် ရေးသားပြီးသည်။

အမှန်တည်ကြည်ခြင်း

သမ္မာ- မှန်ကန်သော၊ သမာဓိ- တည်ကြည်ခြင်းဟု အနက်ရှိ၏။ မိမိ၏စိတ်ကလေး ပူ ညစ် နောက် ရှုပ်နေခြင်းသည် သမ္မာသမာဓိကင်း၍ဖြစ်၏။ သမ္မာသမာဓိရှိနေချိန်၌မူ စိတ်ကလေးမှာ အေး သန့် ကြည် ရှင်းနေမည်ဖြစ်၏။ မကောင်းမှု၌ ပြေးသွားတတ်သောစိတ်ကို မစောင့်ရှောက်ပဲ လွှတ်ထားပါက သမာဓိမဖြစ်နိုင်ပေ။ သမာဓိဆိုသည်မှာ စိတ်ကို စည်းကမ်းသတ်မှတ်ခြင်းပင်ဖြစ် ၏။ စိတ်ကို စည်းကမ်းမရှိ လွှတ်ထားလျှင် စိတ်သည် လွန်စွာပြန့်ကျဲနေမည်ဖြစ်၏။

သမာဓိ၏အဓိပ္ပာယ်ကို ကျေးဇူးတော်ရှင် ဓမ္မဒူတဆရာတော်အရှင်ဆေကိန္ဒ၏ ရပိုင်ခွင့်စာအုပ်မှ ကောက်နှုတ်ဖော်ပြပါမည်။ “သမာဓိဆိုသည်မှာ မိမိ၏စိတ်ကလေး တည်ငြိမ်ပြီး ကြည်လင်မှုရှိနေ ခြင်းကိုခေါ်၏။ စိတ်မချမ်းသာလျှင် သမာဓိမဖြစ်ပေ။ သမာဓိရှိချင်လျှင် စိတ်ချမ်းသာမှု ရှိရပါမည်။ စိတ်ချမ်းသာမှုရှိသည် ဆိုရာ၌လည်း တစ်ခြားမထင်နှင့်။ ကုသိုလ်စိတ်ဖြစ်နေခြင်းကို ဆို၏။ ကုသိုလ်စိတ်ဖြစ်မှ သမာဓိဖြစ်၏။ သမာဓိဖြစ်မှလည်း စိတ်ချမ်းသာပေ၏။ ကုသိုလ်စိတ်မဖြစ်လျှင် သမာဓိမဖြစ်ပေ။ သမာဓိမဖြစ်လျှင် စိတ်ဆင်းရဲ၏။ စိတ်ဆင်းရဲခြင်းမှာလည်း ကိုယ်ရတာနှင့် ကိုယ်မကျေနပ်၍ဖြစ်၏။ ကိုယ့်ရပိုင်ခွင့်ကို ကိုယ်မကျေနပ်လျှင် စိတ်ဆင်းရဲရ၏။ မိမိရထားသော အခွင့်အရေး၊ လာဘ်လာဘ၊ စည်းစိမ်ဥစ္စာကို အထင်သေးနေလျှင်လည်း စိတ်ဆင်းရဲ၏။ စိတ် ဆင်းရဲနေခြင်းကြောင့် သမာဓိမရခြင်းဖြစ်ပေ၏။”

လွှတ်ထားသောစိတ်သည် နဖားကြိုးဖြုတ်ထားသောနွားနှင့်တူ၏။ နဖားကြိုးဖြုတ်ထားသောနွား သည် တွေ့ရာသီးနှံပင်တို့ကို ဆွဲယူစားသောက်တတ်ပြီး ပြန်ဖမ်းရန်လည်း အလွန်ခက်သကဲ့သို့ စောင့်ရှောက်ထားခြင်းမရှိသောစိတ်သည်လည်း တွေ့ရာအာရုံတို့၌ ဆင်ခြင်ဉာဏ်ကင်းစွာ အငန်း မရခံစားတတ်ပြီး ကိလေသာတို့ဖြင့် အမြဲညစ်ထေးနေကာ ပြန့်ကျဲနေပေ၏။ သမာဓိမရှိသောစိတ် သည် မျောက်နှင့်လည်းတူ၏။ မျောက်သည် လက်ထဲ၌ စားစရာရှိနေလျှင်ပင် အငြိမ်မနေ၊ ဟိုသစ်ကိုင်းကူးလိုက် သည်သစ်ကိုင်းကူးလိုက်၊ လှုပ်လှုပ်ရွရွ ဣနြေ္ဒမရသကဲ့သို့ သမာဓိမရှိလျှင် စိတ်သည် အဆင်း၊ အသံ၊ အနံ့၊ အရသာ၊ အထိအတွေ့၊ မနောစသော အာရုံခြောက်ပါး၌ တစ်ခုပြီးတစ်ခု လှည့်လည်ကာ သာယာနေပေ၏။ တစ်အာရုံတည်းနှင့်မ၀နိုင်ပဲ တွေ့သမျှအာရုံ တို့၌ ကိလေသာစိတ်ဖြင့် ပျော်မွေ့၊ စိတ်မအေး၍ ရုပ်ခွေးဖြစ်နေရပေ၏။

ထိုသို့ “တဏှာမကင်းသူတို့၏ မျက်စိအစထား၊ နား၊ နှာခေါင်း၊ လျှာ၊ ကိုယ်၊ စိတ်ဟူသော တံခါး ခြောက်စင်းကား သံသရာကိုချဲ့သော ဒိဋ္ဌိ၊ တဏှာ၊ မာန၊ တို့၏ ကစားကွင်းများချည်း ဖြစ်ကြလေ ရာ အာရုံပုံရိပ် ဂုဏ်ဟိတ်ခတ်၍ အထပ်ထပ် ကြည့်၊ ကြား၊ စား၊ နမ်း၊ ထိတွေ့ခန်း လမ်းဖွင့်ပေး သော် တိုးကြည့်လေ တစ်မျိုးထိလေ၊ ဦးကြည့်လေ တိုးငြိလေဖြင့် စိတ်ကူးရင်း ခန္ဓာကိုယ် နားခွင့် မရ၊ ကြာသော် အစွဲနာကျ၍ ဒုက္ခလှလှကြီး ရောက်ရတတ်ပေသည်။”

ကျေးဇူးတော်ရှင်မဟာဗောဓိမြိုင်ဆရာတော်ဘုရားကြီး၏ ဆုံးမစကားတို့မှာလည်း လွန်စွာပင် မှတ်သားကျင့်ကြံဖွယ် ကောင်းလှပေသည်။ “ကိုယ်ကျတော့ ညှာ၊ စိတ်ကျတော့ အလိုလိုက်၊ သခင်မင်း အလျင်းမဖြစ်ထိုက်။ ကိုယ်နှင့်စိတ်ကို စားကျက်ငါးခု၏အကြား ကိလေသာတို့ဖြင့် လွှတ်ပေးထားကာ စိတ်သွားတိုင်း ကိုယ်ပါနေခဲ့သော်ကား ကိလေသာ မကောင်းကြောင်းပြော၍ ဘုရားဆုံးမရာ မလိုက်လျော၊ ဘုရားကျောခိုင်းနေသော ပုထုဇဉ်အရိုင်းဘ၀မှ ဘယ်သော ကာလမျှ ရှေ့မတိုးပေ။ အာရုံအလိုက်မှားလေ မိုက်အားကောင်းလေချည်းသာဖြစ်မည်။ အာရုံ အလိုက်များလေ အမှားခင်လေချည်းသာဖြစ်နေပေမည်။”

ထို့ကြောင့် စိတ်ကို သမာဓိဖြစ်အောင် ကျင့်ကြံအားထုတ်မှသာလျှင် ကိုယ်နှင့်စိတ်တို့ ငြိမ်းငြိမ်း ချမ်းချမ်းနေရပေမည်။ သမာဓိရှိခြင်းကြောင့် “၀ိဝေကသုခ- တစ်စိတ်တည်း၊ တစ်အာရုံတည်း၌ တည်နေသောချမ်းသာ”ကိုရ၏။ ထိုသို့ တစ်အာရုံတည်း၌ တည်နေသည်ဆိုရာမှာလည်း မကောင်းသောအာရုံ၌ တစ်အာရုံထားနိုင်ခြင်းကို မဆိုလိုပေ။ စိတ်ကို နိဗ္ဗာန်ရောက်ကြောင်း ကုသိုလ်အာရုံတစ်ခုခု၌ တည်ငြိမ်အောင် ထားနိုင်ခြင်းကိုသာ ဆိုလိုခြင်းဖြစ်၏။ နိဗ္ဗာန်နှင့် အနီး ဆုံးရှိသော သမာဓိကတော့ ရုပ်နာမ်တရားတို့အပေါ်၌ အမြဲတည်နေသည့် ၀ိပဿနာခဏိက သမာဓိနှင့် ဖြစ်ပျက်ရှုဉာဏ်မတိုင်ခင် သမာထ ရှေ့သွားရှိသော ဈာနသမာဓိတို့ဖြစ်၏။

စိတ်သည် အာရုံခြောက်ပါး၌ ပြေးသွားတတ်ပေရာ စိတ်သွားတိုင်းကိုယ်ပါ နေခဲ့သော် ခန္ဓာကိုယ် မှာ နားရတော့မည်မဟုတ်ပါ။ မကောင်းသော အကုသိုလ် အမှုတို့ကိုလည်း တစ်ခုပြီးတစ်ခု လုပ်မိနေပေမည်။ စိတ်သည် အင်မတန်မြန်လွန်းသည်ဖြစ်ခြင်းကြောင့် လွန်စွာသိမ်မွေ့နက်နဲ ပေ၏။ သိရန်လည်း အတော်ပင်ခက်ခဲ၏။ သမာဓိမရှိလျှင် ထိုသို့ သိမ်မွေ့နက်နဲသော စိတ်ကို မည်သို့မျှ သိနိုင်မည်မဟုတ်ချေ။ ဒိဋ္ဌိနှင့်ယှဉ်သော အကုသိုလ်စိတ် လက်တစ်ဖျစ်ဖြစ်မိတိုင်း ငရဲမီးသည် ငရဲ၌ ထိုမျှမကပင် အလိုအလျောက် မွှေးနေလေ၏။ ထိုမှ ဆန့်ကျင်ဘက် သမာဓိ စိတ်ဖြင့် ၀ိပဿနာဉာဏ်ဖြစ်လျှင်တော့ မွှေးပြီးသောငရဲမီးတို့ကို ငြိမ်းစေသလို မဂ်ဉာဏ်ဖိုလ် ဉာဏ်နှင့်လည်း တဖြည်းဖြည်း နီးနေပေ၏။

ထို့ကြောင့် “လေးသမားသည် မိမိ၏မြှားကို လိုသလို ဖြောင့်ယူသကဲ့သို့၊ လယ်သမားသည် ရေကို လိုရာသို့ မြောင်းသွယ်၍ ယူသကဲ့သို့ ပညာရှိသည်လည်း မိမိ၏စိတ်ကို ဖြောင့်မတ်အောင် ကြိုးစားအားထုတ်ရာ၏။” ဟူသော ဓမ္မပဒပါဠိတော်၌ ဘုရားရှင် ဆုံးမခဲ့သည့်အတိုင်း ကျင့်ကြံ ရပေမည်။ လူ့ဘ၀သည် အင်မတန်ရခဲပေရာ ဘုရားသာသနာနဲ့ ကြုံနေတုန်း မိမိ၏စိတ်ကို ကုသိုလ်ကောင်းမှုတို့၌ မွေ့လျော်အောင် ကြိုးစားသင့်ပေ၏။ အခုလို လူ့ဘ၀မှာ “ကုသိုလ် ကောင်းမှုတို့၌ မေ့လျော့နေလျှင်တော့ အသက်သာရှင်နေရသော်လည်း သေပြီးလျှင် အပါယ်သို့ ကျရောက်ရမည်၊ အကြိမ်ကြိမ်လည်း နောက်ထပ်သေရဦးမည် ဖြစ်သောကြောင့် ရှင်လျက်သေ သောသူနှင့် တူနေပေ၏။” ဟူ၍ ဘုရားရှင်က သမာဝတီမိဖုရားနှင့် မာဂဏ္ဍီမိဖုရားတို့ကို အကြောင်းပြုပြီး ဓမ္မပဒပါဠိတော်၌ ဟောကြားတော်မူခဲ့၏။ ထိုကြောင့် ရခဲလှသည့် လူ့ဘ၀မှာ မကောင်းမှု၌ မွေ့လျော်တတ်သည့် စိတ်၏အလိုသို့မလိုက်ဘဲ မသေရာမြတ်နိဗ္ဗာန်သို့ ပို့ဆောင် တတ်သောသမ္မာသမာဓိဖြစ်အောင် ကျင့်ကြံကြိုးကုတ် အားထုတ်ကြပါကုန်။

“ဤမျှရှည်ကြာ၊ သံသရာဝယ်၊ ဆရာမိဘ၊ မောင်နှမနှင့်၊ သားလှသမီး၊ ဒေါ်ဘကြီးဟု၊ မငြီးဆင့်ကဲ၊ ပြန်လှန်တွဲခဲ့၊ မလွဲဧကန်၊ ခွဲရပြန်မည်၊ သို့သည်ဖြစ်ခြင်း၊ သံဝေပြင်းရ၊ ဆွေချင်းကျေးဇူး၊ ရှိခဲ့ဘူး ကို၊ အထူးဆပ်ရန်၊ စိတ်အားသန်ဖြင့်၊ ကျင့်ရန်မှန်စွ၊ မြတ်ဓမ္မကို၊ ဝေငှပေ၏၊ သမာဓိမှန်၊ မဖောက် ပြန်မှ၊ နိဗ္ဗာန်ထိုးထွင်း၊ ဉာဏ်အလင်းကို၊ ရှင်းရှင်းပိုင်ပိုင်၊ သိမြင်နိုင်မည်၊ လက်ကိုင်သတိ၊ မလွှတ် ဘိနှင့်။”

စာရေးသူ - ထွန်ထွန်းလှိုင် (24.01.2008) ရက်နေ့၊ နံနက် (7:17) တွင် ရေးသားပြီးသည်။

သာသနာကွယ်ကြောင်းတရားကြီးများ

အဂုတ္တိုရ်ပါဠိတော်၊ပဉ္စကနိပါတ်၊သဒ္ဓမ္မ၀ဂ်၊ ပဌမသဒ္ဓမ္မသမ္မောသသုတ်တော်တွင် ဗုဒ္ဓမြတ် စွာဘုရားရှင်သည် သာသနာကွယ်စေနိုင်သော တရားကြီးများကို ဟောကြား တော်မူခဲ့ပါသည်။
၁။ တရားမနာခြင်း၊
မြတ်စွာဘုရားရှင်၏တရားဒေသနာတော်များကိုနာယူခြင်းမရှိခြင်းသည် သာ သနာကွယ်စေခြင်းအကြောင်း အစပဌမပင် ဖြစ်ပါသည်။ အဘယ်ကြောင့်ဆို သော် တရားမနာယူသည့်အတွက် .....
က) မကြားဘူးသောအကြောင်းအရာများကိုကြားရခြင်းမှ ကင်းဝေးသွားပါသည်။
ခ) ကြားဘူးသောအကြောင်းအရာများကို ထပ်၍ရှင်းလင်းစွာ နားလည်နိုင်ရန် လည်းမဖြစ်နိုင်တော့ပါ ၊
ဂ) ယုံးမှားသံသယဖြစ်နေသော အချက်များ၌ ယုံးမှားကင်းရခြင်းမရှိသည့်ပြင် ပို၍ပင်တိုးလာနိုင်ပါသည်၊
ဃ) အယူမှန်သမ္မာဒိဋ္ဌိကိုမည်သို့မှမရနိုင်တော့ပါ ၊
င) သဒ္ဓါပညာမရှိတော့၍ စိတ်ကြည်လင်နိုင်ခြင်းမရရှိတော့ပါ ။
ကာလေနဓမ္မသာဝနမင်္ဂလာ ဟုဆိုသည့် အခါအားလျော်စွာ တရားနာခြင်း ကင်းစိတ်နေသူများသည် သာသနာတော်ကိုဖျက်ဆီးနေခြင်းမဟုတ်သော်လည်း
ပျက်စီးစေနိုင်ပါသည်။ အကြောင်းမှာ အယူမမှန်သော သံသယများစွာထုံလွမ်း နေသောသူများက သယ်ဆောင်လာမည့်သာသနာအတွက် မတွေးဝံ့စရာပင် ။ ထို့ကြောင့် နေ့စဉ်တရားနာခြင်းအမူအားပြုလုပ်ခြင်းဖြင့် သာသနာတော်အား စောင့်ရှောက်သူများဖြစ်နိုင်ကြပါစေ။
၂။ စာပေမသင်ခြင်း၊
မြတ်စွာဘုရားရှင်၏ ပိဋကတ်စာပေများကိုသင်ကြားမူမရှိခြင်းသည်လည်း သာသနာတော်ကိုပျက်စီးစေနိုင်ပါသည်။
၃။ နှုတ်တွင်မဆောင်ထားခြင်း၊
သင်အံကျက်မှတ်ထားသော စာပေများကို နှုတ်တတ်အာဂုံဆောင်ထားခြင်းမ ရှိပါကလည်း အလွဲလွဲအမှားမှားဖြစ်ခြင်းကြောင့်လည်းသာသနာတော်ပျက်စီးစေ နိုင်ပါသည်။
၎။ သိအောင်မမှတ်ခြင်း၊
သင်အံကျက်မှတ်ထားသည်များကိုမှတ်မှတ်သားသားမထားရှိသဖြင့် နှောင်း လူတို့လေ့လာခြင်းငှာမစွမ်းသာခြင်းသည်လည်းသာသနာတော်ကွယ်စေကြောင်း
တစ်ခုပင်ဖြစ်သည်။
၅။ ပဋိပတ်ကင်းကွာခြင်း၊
ဆောင်ထားအပ်သောတရားသဘောတို့၏ အနက်အဓိပ္ပါယ်ကို ရိုသေစွာ ဥာဏ်ဖြင့်မစူးစမ်းမဆင်ခြင်ကုန်။ အနက်သဘောကိုသိ၍ ၊ တရားသဘောကိုသိ ၍ (လောကုတ္တရာ) တရားအားလျော်သော အကျင့်ကို ရိုသေစွာမကျင့်ကုန်။ ထိုသို့သော မပြုသင့်မပြုကျင့်အပ်သည်များကို ကျင့်နေခြင်းဖြင့်သာသနာကွယ် စေနိုင်ပါသည်ဟု မြတ်စွာဘုရားရှင်သည် အဂုတ္တိုရ်ပါဠိတော် ၊ သဒ္ဓမ္မ၀ဂ်၌ အ ထင်အရှားမိန့်မှာတော်မူခဲ့ပါသည်။

Newer Posts Home