အမှန်ပြောခြင်း

မြတ်ဗုဒ္ဓဟောကြားတော်မူခဲ့သော မဂ္ဂင်ရှစ်တန်အကျင့်မှန်တရားတော်မှ ယခု အမှန်ပြောခြင်းမဂ္ဂင်တရားတော်ကို ဓမ္မဒါနဖြန့်ဝေလိုက်ပါသည်။ လောက၌ ပြောဆို ကြသော စကားတို့မှာ ခြောက်မျိုးရှိကြကုန်၏။ ထိုသို့ ပြောဆိုကြသော စကား တို့မှာ-
(၁) ဟုတ်လည်းမဟုတ်၊ သူလည်းမနာလို၊ အကျိုးလည်း မရှိသောစကား။
(၂) ဟုတ်တော့ဟုတ်သည်၊ သူတစ်ပါးက မနာလို၊ အကျိုးလည်းမရှိတဲ့စကား။
(၃) ဟုတ်လည်းမဟုတ်၊ အကျိုးလည်းမရှိ၊ သူတစ်ပါး နာလိုသောစကား။
(၄) ဟုတ်တော့ဟုတ်၏၊ သူတစ်ပါးလည်း နာလို၏၊ အကျိုးမရှိသောစကား။

(၅) ဟုတ်လည်းဟုတ်၏၊ အကျိုးလည်းရှိ၏၊ သူတစ်ပါး မနာလိုသောစကား။
(၆) ဟုတ်လည်းဟုတ်သည်၊ အကျိုးလည်းရှိသည်၊ သူတစ်ပါး နာလိုသောစကား။
တို့ ဖြစ်ကြပါသည်။ ထိုသို့ ပြောဆိုကြသော စကားခြောက်ခွန်း၌ ဘုရားရှင်နှင့် သူတော်ကောင်း အရိယာပုဂ္ဂိုလ်တို့သည် နံပါတ် (၅) နှင့် (၆) နှစ်ခွန်းကိုသာ ပြောဆိုကြပါသည်။ စကားခြောက်ခွန်းရှိသော်လည်း နှစ်ခွန်းကိုသာ ပြောဆိုသင့် ကြောင်းကို “စကားခြောက်ခွန်း၊ လူ၌ထွန်း၊ လေးခွန်းကိုပယ်၊ နှစ်ခွန်းတည်။” ဟူ၍ ရှေးပညာရှိတို့ စပ်ဆိုခဲ့ကြပေသည်။

မြတ်စွာဘုရားရှင်သည် “ဟုတ်လည်းဟုတ်သည်၊ အကျိုးလည်းရှိသည်၊ သူတစ်ပါး မနာလိုသောစကား”ကို ပြောဆိုရာ၌ ဇွတ်ပြောဆိုသည်ကား မဟုတ်ပါပေ။ အချိန် ကာလကိုကြည့်၍ ပြောဆို၏။ ဘယ်သို့သောအချိန်လဲဟုဆိုလျှင် လေးဘက် ထောက်သွားသော ထိုင်တတ်စအရွယ် အသိဥာဏ်မရှိသေးသော ကလေးငယ် တစ်ယောက်သည် ကွဲရှနေသော အိုးခြမ်းပဲ့တို့ကို စားစရာအမှတ်ဖြင့် ၀ါးမျိုရန် ပါးစပ်အတွင်းသို့ ထည့်နေရာ၌ ကလေးငယ်၏ ဖခင်သည် ထိုအချင်းအရာကို မြင်၍ ကလေး၏ပါးစပ်အတွင်းမှ အိုးခြမ်းပဲ့တို့ကို အမြန်ဆုံးထုတ်ပေးခြင်းကို ကလေးငယ်သည် သူ၏ စားစရာအမှတ်ထင်ထားသော အရာတို့ကို ဖခင်က ထုတ်ပေးရာ မကြိုက်၍ငိုသော်လည်း ဖခင်က မိမိ၏သားငယ်သည် မနှစ်သက် သောကြောင့် ငိုခြင်းကို ဂရုမမူတော့ပဲ အသက်မသေဘို့သာ အရေးကြီးသည် ဖြစ်သောကြောင့် အချိန်ကာလကိုမလင့်စေပဲ ပြုမူသကဲ့သို့ အနန္တကျေးဇူးရှင် မြတ်စွာဘုရားရှင်ကိုယ်တော်မြတ်ကြီးသည်လည်း သံသရာ၌ ဆင်းရဲဒုက္ခရောက် နေကြသော ပုထုဇဉ်တို့သည် ဆုံးမစကားတို့ကို မကြိုက်မနှစ်သက်သော်လည်း အချိန်ကာလကိုကြည့်တော်မူပြီး ဆုံးမတော်မူခြင်းဖြစ်၏။

“ဟုတ်လည်းဟုတ်သည်၊ အကျိုးလည်းရှိသည်၊ သူတစ်ပါး နာလိုသောစကား” ကိုတော့ မြတ်စွာဘုရားရှင်ကိုယ်တော်မြတ်က သတ္တ၀ါတို့၏စိတ်သည် ဒီအချိန်မှာ ကောင်းသော်လည်း ဟိုအချိန်၌ မကောင်းတတ်ခြင်း၊ မကောင်းမှု၌သာ မွေ့လျော်မှု များခြင်းတို့ကြောင့် သတ္တ၀ါတို့၏စိတ် ကောင်းနေသောအချိန်၌ အချိန်ကာလကို မစိုင်းငန့်ပဲ ဟောကြားတော်မူခြင်းဖြစ်၏။ မှန်ကန်သောသစ္စာတရားတို့ကို သတ္တ၀ါ တို့၏အကျိုးကို လိုလားတော်မူသောကြောင့် လေးအသင်္ချေနှင့် ကမ္ဘာတစ်သိန်း ကာလပတ်လုံး မှန်သောစကားတို့ကိုသာ ဆိုခဲ့တော်မူခြင်း သစ္စာပါရမီတော်မြတ်ကို မဖောက်မပြန် ဖြည့်ကျင့်တော်မူခဲ့ခြင်း ဖြစ်ပေသည်။

သမ္မာဝါစာဖြစ်အောင် ပြောဆိုရာ၌ မှန်ကန်တဲ့စကားဖြစ်လျှင် ပြီးရောဟူ၍ မမှတ်ယူ သင့်ပေ။ မျက်လုံးကန်းနေ၍ အားငယ်နေသော ပုဂ္ဂိုလ်တစ်ယောက်အား ငကန်းဟူ ၍ခေါ်လျှင် သင့်လျော်မည်မဟုတ်ပေ။ တဖန် ယဉ်ကျေးစွာလည်း ပြောဆိုတတ်ရပါ မည်။ ယဉ်ကျေးစွာ ပြောဆိုခြင်းဖြင့် သူတစ်ပါးတို့ နာဝင်ချိုသာသောကြောင့် မိမိ၏ မှန်ကန်ကောင်းမွန်သော အကြံအစည်တို့ အောင်မြင်ပြီးမြောက်မည်ဖြစ်ပါသည်။ ချိုတော့ ချိုသာ၏ ၊ ကောင်းကျိုးဖြစ်အောင် မပြောဆိုပဲ သူတစ်ပါးအား ချိုချိုသာ သာဖြင့် နှိပ်ကွပ်ပြောဆိုတတ်သောစကားမျိုးတို့ကို ရှောင်ကြဉ်ရပေမည်။ ထို့ ကြောင့် ကောင်းကျိုးဖြစ်အောင် ပြောဆိုတတ်ရန်လည်း လိုအပ်ပါသည်။ တချို့သောစကားတို့သည် မိမိပြောဆိုလိုက်သောကြောင့် တစ်ဦးနှင့်တစ်ဦး မညီညွတ်တော့ပဲ ခိုက်ရန်ဖြစ်သွားစေသော စကားမျိုးလည်း ရှိတတ်ပေသည်။ ထိုသို့သော စကားမျိုး မှာ မှန်လည်းမှန်၊ ရိုးလည်းရိုးသား၊ ယဉ်လည်းယဉ်ကျေး သော်လည်း အခြားသူနှစ်ဦးတို့၏ တစ်ဦးအပေါ်တစ်ဦးထားရှိသော မေတ္တာတရား တို့ ပြိုကွဲပျက်စီးစေတတ်သောကြောင့် ရှောင်ကြဉ်သင့်ပေသည်။ ထို့ကြောင့် သူနှစ်ဦးတို့ ညီညွတ်စေသောစကားမျိုး၊ မညီမညွတ်ဖြစ်နေသောသူတို့အား ညီ ညွတ်စေသော၊ အားဖြည့်ပေးသော စကားတို့ကို ပြောဆိုကြရပါမည်။

တဖန်လည်း အချိန်ကာလ၊ ရောက်ရှိနေသော အရပ်ဒေသနှင့် နားထောင်သူတို့၏ အခြေအနေ လက်ခံနိုင်မှုကိုလည်း ကြည့်ပြီး ပြောဆိုတတ်ရပါမည်။ အချိန်မတန် သေးပဲ ပြောဆိုမိလျှင် အမှားကိုလမ်းပြမိတတ်ခြင်း၊ အကျိုးကို ထိရောက်အောင် မဆောင်ရွက်နိုင်တော့ပဲ အခက်အခဲနှင့် ရင်ဆိုင်ရတတ်ခြင်း ဖြစ်တတ်ပေသည်။ အရပ်ဒေသက လက်မခံ နိုင်သောစကားမျိုးကို ပြောဆိုခြင်းဖြင့် တန်ဘိုးရှိသော စကားပင်ဖြစ်သော်လည်း ၀ိုင်းဝန်း၍ ဟားတိုက်ခံရလျှင် “ထောင်တန်တဲ့စကား ရယ်ပေါ့” ဖြစ်တတ်ပေသည်။ ပုဂ္ဂိုလ်ကိုလည်းကြည့်ပြီး ပြောဆိုတတ်မှ သင့်လျော်ပေမည်။ “က၊ ခ” (ကကြီး၊ ခကွေး)ပင် မတတ်သေးသော ကလေးငယ် အား ပရိတ်ကြီးပါဠိကို သင်ပေးနေ၍ မသင့်တော်လှပေ။ မိမိ၏ တတ်စေချင်လှ၊ တော်စေချင်လှသောစေတနာသည် မည်မျှပင်ကြီးမားနေသော်လည်း အမောသာ အဖတ်တင်နေမည် ဖြစ်ပေသည်။

နောက်ဆုံးအနေဖြင့် အရေးအကြီးဆုံးကတော့ လောကကြီးကို တလွဲတချော် ဖြစ်စေမည့်စကားတို့ကို ရှောင်ကြဉ်ရမည်ဖြစ်ပါသည်။ သတ္တ၀ါတို့သည် တစ်သံသ ရာလုံး၌ သညာဝိပလ္လာသ(အမှတ်မှား)၊ ၀ိဇ္ဇာဝိပလ္လာသ(အသိမှား)၊ ဒိဋ္ဌိဝိပလ္လာသ (အယူမှားခြင်း)တို့ဖြင့် ကျင်လည်လာခဲ့ခြင်းကြောင့် ဂင်္ဂါဝါဠု သဲစုမက ပွင့်တော် မူပြီးကြကုန်သော ဘုရားအဆူဆူတို့နှင့် အကြိမ်ကြိမ်လွဲချော်ခဲ့ရခြင်းမှာ ထို အမှား သုံးချက် မလွတ်ခဲ့သောကြောင့်ဖြစ်၏။ ထိုသို့ မှားယွင်းသောစကားမျိုး၊ လွဲချော် သောစကားမျိုးကို ပြောဆိုမိခြင်းကြောင့် တခြားသူတို့ တလွဲမှတ်ယူသွားပြီး လိုက် နာလုပ်ဆောင်နေကြပြီ၊ ကျင့်ကြံနေကြပြီဆိုလျှင် မိမိ၌ ကြီးလေးသောအပြစ်တို့ ကျရောက်လာမည်ဖြစ်သည်။ အမှားတကာ့ အမှားတို့တွင် အယူမှားခြင်းသည် အမှားဆုံးသော မှားခြင်းဖြစ်၏။ ထို့ကြောင့် မိမိကိုယ်တိုင် အယူမှန်အောင် ကျင့်ကြံ ပြီး အယူမှန်စကားတို့ကို ပြောဆိုတတ်မှသာလျှင် တစ်ခြားသူတို့ အမှတ်မှန်၊ အသိ မှန်၊ အယူမှန်ကြမည် ဖြစ်သောကြောင့် သမ္မာဝါစာမဂ္ဂင်ကို ပြည့်ဝစွာ ကျင့်ကြံသွား နိုင်ပြီး နိဗ္ဗာန်သို့ လျှင်မြန်စွာ မျက်မှောက်ပြုနိုင်ကြမည်ဖြစ်သည်ကို ဤဓမ္မ ဆောင်းပါးဖြင့် တိုက်တွန်းနှိုးဆော်လိုက်ရပါသည်။

စာဖတ်သူတို့အားလုံး ကိုယ်ကျန်းမာ၊ စိတ်ချမ်းသာစွာဖြင့် မဂ္ဂင်ဖောင်ကြီးအမြန်စီး ခရီးနှင်နိုင်ကြပါစေ။

စာရေးသူ - ထွန်းထွန်းလှိုင် (12.11.2007 ည 11:32 တွင် ရေးပြီးသည်။)

0 comments:

Newer Post Older Post Home