အမှန်သတိရှိခြင်း

သမ္မာ- မှန်သော၊ သတိ- အမှတ်ရခြင်း၊ သတိရှိခြင်းဟု အနက်ရှိ၏။ အကုသိုလ်နှင့် ယှဉ်သော တရားတို့အပေါ်၌ အမှတ်ရခြင်း၊ သတိဖြစ်နေခြင်းမှာ မှားသောသတိဖြစ်၏။ ကုသိုလ်တရား၊ နိဗ္ဗာန်ရောက်ကြောင်းတရားကို အမှတ်ရခြင်းမှာ မှန်သောသတိဖြစ်၏။ သတိသည် အလုံးစုံသော တရားတို့၏ အချုပ်လည်းဖြစ်၏။ ကုသိုယ်တရားတို့၌ အမြဲမွေ့လျော်နိုင်ရန် သတိတရားသည် လွန်စွာအရေးကြီးလှပေသည်။

မြတ်ဗုဒ္ဓသည် ပရိနိဗ္ဗာန် ပြုတော်မူခါနီးမှာပင် သတိတရားရှိနှင့်ဘို့ အရေးအကြီးဆုံး မှာကြားတော် မူခဲ့၏။ ၎င်းမှာ “ငါ၏ ချစ်သား၊ ချစ်သမီးတို့… ယခုအချိန်၌ သင်တို့အား ငါဘုရား မှားကြားတော်မူ ခဲ့မည်။ ရုပ်နာမ်ဓမ္မ သင်္ခါရတရားတို့သည် ပျက်ဆီးခြင်းသဘော ရှိကြကုန်၏။ သင်တို့သည် မမေ့လျော့သော ကောင်းသောသတိတရားနှင့် ပြည့်စုံ၍ နေရစ်ကြကုန်လော့” ဟူ၍ဖြစ်၏။ ဤမျှ အရေးတကြီး မှာကြားတော်မူခဲ့သော သတိတရားကို မြဲစွာလက်ကိုင်ထားရမည်ဖြစ်၏။ ရခဲလှ သော လူ့ဘ၀၊ ကြားနာခဲလှသော သူတော်ကောင်းတရား၊ တွေ့ကြုံခဲလှသော ဗုဒ္ဓသာသနာ၊ ပြည့်စုံခဲလှသော သဒ္ဓါတရား၊ ဖြစ်ခွင့်ရခဲလှသော ရဟန်းဘ၀ ဟူ၍ ရခဲလှခြင်း ဒုလ္လဘတရားငါးပါး နှင့် ကြုံကြိုက်နေပါလျက် မေ့လျော့ပေါ့ဆ မနေသင့်လှပေ။ သေရေးကို မဆင်ခြင် နေရေးသာ ပြင်ဆင်၍ ဇရာယဉ် အလျှင်စီးလို့ သတိတရား မေ့နေလျှင်ဖြင် လူ့ဘ၀ အဖြစ်ရှုံး အပါယ်မှာ စုန်းစုန်းမြုပ်ရပေရပေလိမ့်မည်။ ထို့ကြောင့် သတိသမ္ပဇဉ် အစဉ်မှီး၍ မဂ္ဂင်ယဉ် အမြန်စီးသင့်လှ ပေသည်။

ကျေးဇူးတော်ရှင်လယ်တီဆရာတော်ဘုရားကြီး၏ သတိဖော်ပြ ဆုံးမစာဖြစ်သည့်-
ငါးအာရုံအင်အစု၊ ခင်မှုနဲ့နေ့ကုန်၊
နင်ယခုမေ့ပုံလို၊ တွေ့မကြုံစခန်း။
ပါယ်လေးဝ သောကဘုံမှာ၊
မျောရရုံ ရှိတော့ခမန်း။
အောက်ဝီစိ သေခင်းအငူမှာ၊
ခေါင်းမပြူစတမ်း၊
နှစ်အရှည် နစ်မည်လမ်းကိုလ၊
နင်မျှော်စမ်း နင့်ကိုယ်။
ဒေသနာထင်အလင်းရယ်နှင့်၊
နင့်အဖျင့် ပိုထက်သာပို။
သည်လောဘ စရိုက်အိုကို၊
မလိုက်လို ရှောင်ပစ်လို့၊
နောင်အသစ် တကယ်ပြင်လျှင်၊
ကောင်းဘို့အစဉ်။ခွင့်သာခိုက်မှ မလိုက်ချင်လျှင်၊
အမိုက်နှင့်ပြင် ရှိသေးလေလိမ့်လား။
ခွင့်သာဆဲမှ မခဲချင်လျှင်
အလွဲနှင့်ပြင် ရှိသေးလေလိမ့်လား။
ခွင့်သာတုန်းကမှ မလိုက်ချင်လျှင်၊
အရှုံးနှင့်ပြင် ရှိသေးလေလိမ့်လား။
- ဟူသည့် သတိပေးသည့်အတိုင်း ကာမဂုဏ်ငါးပါးဖြင့်သာ အချိန် ကို မကုန်လင့်စေပဲ ကုသိုလ်အဟုန် အရှိန်ကုန် မြှင့်စေသင့်ပေသည်။

ထို့ကြောင့် သမ္မာသတိ မြဲစွာရှိ၍ ပညာဖြင့် မှန်စွာသိသင့်လှ၏။ သတိ၏ လက္ခဏာများမှာ-
(၁) စိတ်ကို အာရုံ၌ ခိုင်ခံ့စေသောသဘော၊ တည်တံ့စေသောသဘော၊
(၂) တွေတွေဝေေ၀ မှိုင်မှိုင်ငေးငေး မရှိခြင်းသဘော၊
(၃) စိတ်ကို ကောင်းစွာ ထိန်းသိမ်းနိုင်သောသဘော၊
(၄) သညာတွေကို မြဲမြံတည်တံ့စွာ ထားနိုင်သောသဘော ဟူ၍ရှိ၏။ တဖန် သတိ၏ လက္ခဏာ များမှာ-
(၁) ကာယကံ၊ ၀စီကံ၊ မနောကံဒုစရိုက်တွေကို ထိန်းသောအနေဖြင့် စောင့်ကြည့်သည့်သဘော၊
(၂) နိုင်နိုင်ကြီးကြည့်ပြီး တစ်နေရာတည်းမှာ ရှိနေအောင် ချည်ထားနိုင်သောသဘော၊
(၃) ငုပ်လျှိုးနေသောအရာတွေကို ဖော်ထုတ်သောသဘော လက္ခဏာများ ရှိပေသည်။ ထွက် လေ ၀င်လေကို မှတ်ခြင်းသည် သတိတရား၊ ထွက်လေ ၀င်လေအပေါ်၌ မြဲနေအောင် တည်ခြင်း သည်လည်း သတိတရား၊ ထွက်လေ ၀င်လေပေါ်မှာ ဓာတ်လေးပါးတွဲနေတာ ဖော်ထုတ်ပေးခြင်း သည် သတိတရားပင် ဖြစ်ပေသည်။ ထိုသို့ သတိသည် အသေးစိတ် ခွဲခြမ်းစိတ်ဖြာတတ်သော သဘောရှိသည်ဖြစ်၍ ‘သတိမမူ ဂူမမြင်၊ သတိမူမှ မြူမြင်ရ’ ဆိုသကဲ့သို့ ဖြစ်ပေသည်။

‘သတိဝေး ကလေးဖြစ်တော့သည်။ အဆင်း၊ အသံ၊ အနံ့၊ အရသာ၊ အထိအတွေ့စသော ကာမဂုဏ်တရားတို့ ခံစားရာ၌ သတိမပါသူ၏ အာရုံခံစားမှုသည် မျက်မမြင် ထမင်းစားရာ မစားသင့်သည်များကိုလည်း မမြင်တော့သည့်ပမာဖြစ်၏။ သတိသည် အသိကိုကြိုးကိုင်နေသော မိဘအရာဝင် ဖြစ်ချေ၏။’ ဟူသည့် ကျေးဇူးတော်ရှင်မဟာဗောဓိမြိုင်ဆရာတော်ဘုရားကြီး၏ သတိပေး ဆုံးမစာမှာလည်း လွန်စွာမှတ်သားဖွယ် ကောင်းလှပေသည်။

သမ္မာသတိသည် နိဗ္ဗာန်တံခါးကို ဖွင့်ပေးသည့် သော့နှင့်တူပေသည်။ သတိမပါ ဆားမပါဟင်း စားရသလိုဖြစ်၏။ ကြံသမျှ သတိမပါ၊ ပြောသမျှ သတိကွာ၊ ပြုသမျှ သတိဟာနေသူသည် ရှင်လျက် သေသောသူ၊ သေခါနီးကျ သောကပူ၊ တမလွန်ဘ၀ ဒုက္ခထူ၊ နိဗ္ဗာန်ကို ကျောခိုင်းသူ ပင် ဖြစ်တော့၏။ ထို့ကြောင့် သတိတရားလက်ကိုင်ထားဘို့ အရေးကြီးပေသည်။ မိမိ၌ သတိရှိဘို့ အကျင့်လေးပါး ရှိထားဘို့ လိုအပ်၏်။ သတိဖြစ်ချင်သူသည်-
(၁) သတိဖြစ်သူနှင့်ပေါင်းခြင်း၊
(၂) သတိဖြစ်စေသော တရားဓမ္မတို့ကို နာကြားခြင်း၊
(၃) သတိဖြစ်အောင်လုပ်ခြင်း
(၄) အရေးအကြီးဆုံးကတော့ သတိဖြစ်ချင်တဲ့စိတ် ရှိရမည် ဖြစ်ပါသည်။

‘နိဗ္ဗာန်အရေး၊ မျှော်ထောက်တွေး၍၊ နေရေးမခင်၊ သေရေးပြင်လော့၊ ဆင်ခြင်သတိ၊ မြဲစွာရှိမှ၊ ဗုဒ္ဓ ခေတ်မြတ်၊ တွေ့ကျိုးနပ်မည်၊ မလပ်သတိ ရှိပါစေ။’

စာရေးသူ - ထွန်းထွန်းလှိုင် (11.01.2008) ရက်နေ့၊ နံနက် (6 : 09) တွင် ရေးသားပြီးသည်။

0 comments:

Newer Post Older Post Home