အမှန်တည်ကြည်ခြင်း

သမ္မာ- မှန်ကန်သော၊ သမာဓိ- တည်ကြည်ခြင်းဟု အနက်ရှိ၏။ မိမိ၏စိတ်ကလေး ပူ ညစ် နောက် ရှုပ်နေခြင်းသည် သမ္မာသမာဓိကင်း၍ဖြစ်၏။ သမ္မာသမာဓိရှိနေချိန်၌မူ စိတ်ကလေးမှာ အေး သန့် ကြည် ရှင်းနေမည်ဖြစ်၏။ မကောင်းမှု၌ ပြေးသွားတတ်သောစိတ်ကို မစောင့်ရှောက်ပဲ လွှတ်ထားပါက သမာဓိမဖြစ်နိုင်ပေ။ သမာဓိဆိုသည်မှာ စိတ်ကို စည်းကမ်းသတ်မှတ်ခြင်းပင်ဖြစ် ၏။ စိတ်ကို စည်းကမ်းမရှိ လွှတ်ထားလျှင် စိတ်သည် လွန်စွာပြန့်ကျဲနေမည်ဖြစ်၏။

သမာဓိ၏အဓိပ္ပာယ်ကို ကျေးဇူးတော်ရှင် ဓမ္မဒူတဆရာတော်အရှင်ဆေကိန္ဒ၏ ရပိုင်ခွင့်စာအုပ်မှ ကောက်နှုတ်ဖော်ပြပါမည်။ “သမာဓိဆိုသည်မှာ မိမိ၏စိတ်ကလေး တည်ငြိမ်ပြီး ကြည်လင်မှုရှိနေ ခြင်းကိုခေါ်၏။ စိတ်မချမ်းသာလျှင် သမာဓိမဖြစ်ပေ။ သမာဓိရှိချင်လျှင် စိတ်ချမ်းသာမှု ရှိရပါမည်။ စိတ်ချမ်းသာမှုရှိသည် ဆိုရာ၌လည်း တစ်ခြားမထင်နှင့်။ ကုသိုလ်စိတ်ဖြစ်နေခြင်းကို ဆို၏။ ကုသိုလ်စိတ်ဖြစ်မှ သမာဓိဖြစ်၏။ သမာဓိဖြစ်မှလည်း စိတ်ချမ်းသာပေ၏။ ကုသိုလ်စိတ်မဖြစ်လျှင် သမာဓိမဖြစ်ပေ။ သမာဓိမဖြစ်လျှင် စိတ်ဆင်းရဲ၏။ စိတ်ဆင်းရဲခြင်းမှာလည်း ကိုယ်ရတာနှင့် ကိုယ်မကျေနပ်၍ဖြစ်၏။ ကိုယ့်ရပိုင်ခွင့်ကို ကိုယ်မကျေနပ်လျှင် စိတ်ဆင်းရဲရ၏။ မိမိရထားသော အခွင့်အရေး၊ လာဘ်လာဘ၊ စည်းစိမ်ဥစ္စာကို အထင်သေးနေလျှင်လည်း စိတ်ဆင်းရဲ၏။ စိတ် ဆင်းရဲနေခြင်းကြောင့် သမာဓိမရခြင်းဖြစ်ပေ၏။”

လွှတ်ထားသောစိတ်သည် နဖားကြိုးဖြုတ်ထားသောနွားနှင့်တူ၏။ နဖားကြိုးဖြုတ်ထားသောနွား သည် တွေ့ရာသီးနှံပင်တို့ကို ဆွဲယူစားသောက်တတ်ပြီး ပြန်ဖမ်းရန်လည်း အလွန်ခက်သကဲ့သို့ စောင့်ရှောက်ထားခြင်းမရှိသောစိတ်သည်လည်း တွေ့ရာအာရုံတို့၌ ဆင်ခြင်ဉာဏ်ကင်းစွာ အငန်း မရခံစားတတ်ပြီး ကိလေသာတို့ဖြင့် အမြဲညစ်ထေးနေကာ ပြန့်ကျဲနေပေ၏။ သမာဓိမရှိသောစိတ် သည် မျောက်နှင့်လည်းတူ၏။ မျောက်သည် လက်ထဲ၌ စားစရာရှိနေလျှင်ပင် အငြိမ်မနေ၊ ဟိုသစ်ကိုင်းကူးလိုက် သည်သစ်ကိုင်းကူးလိုက်၊ လှုပ်လှုပ်ရွရွ ဣနြေ္ဒမရသကဲ့သို့ သမာဓိမရှိလျှင် စိတ်သည် အဆင်း၊ အသံ၊ အနံ့၊ အရသာ၊ အထိအတွေ့၊ မနောစသော အာရုံခြောက်ပါး၌ တစ်ခုပြီးတစ်ခု လှည့်လည်ကာ သာယာနေပေ၏။ တစ်အာရုံတည်းနှင့်မ၀နိုင်ပဲ တွေ့သမျှအာရုံ တို့၌ ကိလေသာစိတ်ဖြင့် ပျော်မွေ့၊ စိတ်မအေး၍ ရုပ်ခွေးဖြစ်နေရပေ၏။

ထိုသို့ “တဏှာမကင်းသူတို့၏ မျက်စိအစထား၊ နား၊ နှာခေါင်း၊ လျှာ၊ ကိုယ်၊ စိတ်ဟူသော တံခါး ခြောက်စင်းကား သံသရာကိုချဲ့သော ဒိဋ္ဌိ၊ တဏှာ၊ မာန၊ တို့၏ ကစားကွင်းများချည်း ဖြစ်ကြလေ ရာ အာရုံပုံရိပ် ဂုဏ်ဟိတ်ခတ်၍ အထပ်ထပ် ကြည့်၊ ကြား၊ စား၊ နမ်း၊ ထိတွေ့ခန်း လမ်းဖွင့်ပေး သော် တိုးကြည့်လေ တစ်မျိုးထိလေ၊ ဦးကြည့်လေ တိုးငြိလေဖြင့် စိတ်ကူးရင်း ခန္ဓာကိုယ် နားခွင့် မရ၊ ကြာသော် အစွဲနာကျ၍ ဒုက္ခလှလှကြီး ရောက်ရတတ်ပေသည်။”

ကျေးဇူးတော်ရှင်မဟာဗောဓိမြိုင်ဆရာတော်ဘုရားကြီး၏ ဆုံးမစကားတို့မှာလည်း လွန်စွာပင် မှတ်သားကျင့်ကြံဖွယ် ကောင်းလှပေသည်။ “ကိုယ်ကျတော့ ညှာ၊ စိတ်ကျတော့ အလိုလိုက်၊ သခင်မင်း အလျင်းမဖြစ်ထိုက်။ ကိုယ်နှင့်စိတ်ကို စားကျက်ငါးခု၏အကြား ကိလေသာတို့ဖြင့် လွှတ်ပေးထားကာ စိတ်သွားတိုင်း ကိုယ်ပါနေခဲ့သော်ကား ကိလေသာ မကောင်းကြောင်းပြော၍ ဘုရားဆုံးမရာ မလိုက်လျော၊ ဘုရားကျောခိုင်းနေသော ပုထုဇဉ်အရိုင်းဘ၀မှ ဘယ်သော ကာလမျှ ရှေ့မတိုးပေ။ အာရုံအလိုက်မှားလေ မိုက်အားကောင်းလေချည်းသာဖြစ်မည်။ အာရုံ အလိုက်များလေ အမှားခင်လေချည်းသာဖြစ်နေပေမည်။”

ထို့ကြောင့် စိတ်ကို သမာဓိဖြစ်အောင် ကျင့်ကြံအားထုတ်မှသာလျှင် ကိုယ်နှင့်စိတ်တို့ ငြိမ်းငြိမ်း ချမ်းချမ်းနေရပေမည်။ သမာဓိရှိခြင်းကြောင့် “၀ိဝေကသုခ- တစ်စိတ်တည်း၊ တစ်အာရုံတည်း၌ တည်နေသောချမ်းသာ”ကိုရ၏။ ထိုသို့ တစ်အာရုံတည်း၌ တည်နေသည်ဆိုရာမှာလည်း မကောင်းသောအာရုံ၌ တစ်အာရုံထားနိုင်ခြင်းကို မဆိုလိုပေ။ စိတ်ကို နိဗ္ဗာန်ရောက်ကြောင်း ကုသိုလ်အာရုံတစ်ခုခု၌ တည်ငြိမ်အောင် ထားနိုင်ခြင်းကိုသာ ဆိုလိုခြင်းဖြစ်၏။ နိဗ္ဗာန်နှင့် အနီး ဆုံးရှိသော သမာဓိကတော့ ရုပ်နာမ်တရားတို့အပေါ်၌ အမြဲတည်နေသည့် ၀ိပဿနာခဏိက သမာဓိနှင့် ဖြစ်ပျက်ရှုဉာဏ်မတိုင်ခင် သမာထ ရှေ့သွားရှိသော ဈာနသမာဓိတို့ဖြစ်၏။

စိတ်သည် အာရုံခြောက်ပါး၌ ပြေးသွားတတ်ပေရာ စိတ်သွားတိုင်းကိုယ်ပါ နေခဲ့သော် ခန္ဓာကိုယ် မှာ နားရတော့မည်မဟုတ်ပါ။ မကောင်းသော အကုသိုလ် အမှုတို့ကိုလည်း တစ်ခုပြီးတစ်ခု လုပ်မိနေပေမည်။ စိတ်သည် အင်မတန်မြန်လွန်းသည်ဖြစ်ခြင်းကြောင့် လွန်စွာသိမ်မွေ့နက်နဲ ပေ၏။ သိရန်လည်း အတော်ပင်ခက်ခဲ၏။ သမာဓိမရှိလျှင် ထိုသို့ သိမ်မွေ့နက်နဲသော စိတ်ကို မည်သို့မျှ သိနိုင်မည်မဟုတ်ချေ။ ဒိဋ္ဌိနှင့်ယှဉ်သော အကုသိုလ်စိတ် လက်တစ်ဖျစ်ဖြစ်မိတိုင်း ငရဲမီးသည် ငရဲ၌ ထိုမျှမကပင် အလိုအလျောက် မွှေးနေလေ၏။ ထိုမှ ဆန့်ကျင်ဘက် သမာဓိ စိတ်ဖြင့် ၀ိပဿနာဉာဏ်ဖြစ်လျှင်တော့ မွှေးပြီးသောငရဲမီးတို့ကို ငြိမ်းစေသလို မဂ်ဉာဏ်ဖိုလ် ဉာဏ်နှင့်လည်း တဖြည်းဖြည်း နီးနေပေ၏။

ထို့ကြောင့် “လေးသမားသည် မိမိ၏မြှားကို လိုသလို ဖြောင့်ယူသကဲ့သို့၊ လယ်သမားသည် ရေကို လိုရာသို့ မြောင်းသွယ်၍ ယူသကဲ့သို့ ပညာရှိသည်လည်း မိမိ၏စိတ်ကို ဖြောင့်မတ်အောင် ကြိုးစားအားထုတ်ရာ၏။” ဟူသော ဓမ္မပဒပါဠိတော်၌ ဘုရားရှင် ဆုံးမခဲ့သည့်အတိုင်း ကျင့်ကြံ ရပေမည်။ လူ့ဘ၀သည် အင်မတန်ရခဲပေရာ ဘုရားသာသနာနဲ့ ကြုံနေတုန်း မိမိ၏စိတ်ကို ကုသိုလ်ကောင်းမှုတို့၌ မွေ့လျော်အောင် ကြိုးစားသင့်ပေ၏။ အခုလို လူ့ဘ၀မှာ “ကုသိုလ် ကောင်းမှုတို့၌ မေ့လျော့နေလျှင်တော့ အသက်သာရှင်နေရသော်လည်း သေပြီးလျှင် အပါယ်သို့ ကျရောက်ရမည်၊ အကြိမ်ကြိမ်လည်း နောက်ထပ်သေရဦးမည် ဖြစ်သောကြောင့် ရှင်လျက်သေ သောသူနှင့် တူနေပေ၏။” ဟူ၍ ဘုရားရှင်က သမာဝတီမိဖုရားနှင့် မာဂဏ္ဍီမိဖုရားတို့ကို အကြောင်းပြုပြီး ဓမ္မပဒပါဠိတော်၌ ဟောကြားတော်မူခဲ့၏။ ထိုကြောင့် ရခဲလှသည့် လူ့ဘ၀မှာ မကောင်းမှု၌ မွေ့လျော်တတ်သည့် စိတ်၏အလိုသို့မလိုက်ဘဲ မသေရာမြတ်နိဗ္ဗာန်သို့ ပို့ဆောင် တတ်သောသမ္မာသမာဓိဖြစ်အောင် ကျင့်ကြံကြိုးကုတ် အားထုတ်ကြပါကုန်။

“ဤမျှရှည်ကြာ၊ သံသရာဝယ်၊ ဆရာမိဘ၊ မောင်နှမနှင့်၊ သားလှသမီး၊ ဒေါ်ဘကြီးဟု၊ မငြီးဆင့်ကဲ၊ ပြန်လှန်တွဲခဲ့၊ မလွဲဧကန်၊ ခွဲရပြန်မည်၊ သို့သည်ဖြစ်ခြင်း၊ သံဝေပြင်းရ၊ ဆွေချင်းကျေးဇူး၊ ရှိခဲ့ဘူး ကို၊ အထူးဆပ်ရန်၊ စိတ်အားသန်ဖြင့်၊ ကျင့်ရန်မှန်စွ၊ မြတ်ဓမ္မကို၊ ဝေငှပေ၏၊ သမာဓိမှန်၊ မဖောက် ပြန်မှ၊ နိဗ္ဗာန်ထိုးထွင်း၊ ဉာဏ်အလင်းကို၊ ရှင်းရှင်းပိုင်ပိုင်၊ သိမြင်နိုင်မည်၊ လက်ကိုင်သတိ၊ မလွှတ် ဘိနှင့်။”

စာရေးသူ - ထွန်ထွန်းလှိုင် (24.01.2008) ရက်နေ့၊ နံနက် (7:17) တွင် ရေးသားပြီးသည်။

0 comments:

Newer Post Older Post Home